
“AGD ဘဏ်ကို အမေရိကန်အစိုးရက အထွေထွေလိုင်စင် ၁၉နဲ့ Sanction ကင်းလွတ်ခွင့်ပေးပေမယ့် ကျွန်တော်ရော ကျွန်တော့်အစ်ကိုမှာပါ Sanction ရှိနေသေးတယ်။ အဲဒီတော့ အလုပ်လုပ်ရတာ ရေရှည်မှာ အဆင် မပြေတော့ဘူး။ အဲဒါကြောင့် ဘဏ်ရှယ်ယာတွေကို ထုတ်ရောင်းတာပါ” ဟု AGD ဘဏ်ကို ထိန်းချုပ်ထားသည့် ထူးကုမ္ပဏီများအုပ်စု၏ ဒုတိယဥက္ကဋ္ဌ ဦးသီဟ က ပြောသည်။
အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုဒဏ်ကြောင့် ဦးတေဇနှင့် ဦးသီဟသည် AGD ဘဏ်၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ၎င်းတို့ပိုင် အစုရှယ်ယာများကို ဇနီးနှင့် သားသမီးဆွေမျိုးများသို့ လွှဲပြောင်းထားခဲ့ပြီး ယခု အခြားစီးပွားရေး လုပ်ငန်းများသို့ လွှဲပြောင်းရောင်းချခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ညီအစ်ကို AGD ဘဏ်လုပ်ငန်းအဆင်ပြေအောင် ကျွန်တော်တို့ရဲ့ ဇနီးနဲ့ သားသမီး ဆွေမျိုးတွေကို ရှယ်ယာတွေကို လွှဲပြောင်းခဲ့တယ်။ အဲဒီတုန်းက တရားဝင်လွှဲတာဖြစ်ပြီး သတ်မှတ်တဲ့ အခွန်တွေကိုလည်း ပေးဆောင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က ဇနီးကို လွှဲတာဖြစ်ပြီး ဦးတေဇက ညီမနဲ့ သားသမီး ဆွေမျိုးတွေကို လွှဲတာဖြစ်ပါတယ် ” ဟု ဦးသီဟက ဆိုသည်။
ယခု AGD ဘဏ်၏ အစုရှယ်ယာ ၆ဝရာခိုင်နှုန်းအထိကို အာဏာရှင်ဟောင်းတစ်ဦးဖြစ်သော ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်းဦးဆောင်သော စီးပွားရေးလုပ်ငန်းစုကို လွှဲပြောင်း ရောင်းချရန် သဘောတူထားပြီး လက်ရှိအချိန်တွင် ဗဟိုဘဏ်က ခွင့်ပြုထားသည့် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို လွှဲပြောင်းရောင်း ချခဲ့ပြီးဖြစ်သည်။
“လက်ရှိ ဗဟိုဘဏ်ခွင့်ပြုထားတဲ့ ၁၅ ရာခိုင်နှုန်းကို ရောင်းချပြီးပါပြီ။ ၆ဝရာခိုင်နှုန်းအထိ သဘောတူထား ပါတယ်။ သူတို့ ဝယ်ဖို့အဆင်ပြေတဲ့အချိန်၊ ငွေပေါ်တဲ့အချိန်၊ တစ်လနှစ်လနေရင် ဗဟိုဘဏ်ကို ခွင့်ပြုချက်တင်ပြီး ရောင်းချဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။
AGD ဘဏ်၏ အစုရှယ်ယာများကို မီကိုလုပ်ငန်းစုကလည်း ဝယ်ယူထားပြီး ယခု ဦးကျော်နေဝင်းဦး ဆောင်သော စီးပွားရေးလုပ်ငန်းစုကို ထပ်မံရောင်းချခြင်းဖြစ်ရာ ဦးတေဇနှင့် ဦးသီဟသည် AGD ဘဏ်တွင် အစုရှယ်ယာ လုံးဝ ပါဝင်တော့မည် မဟုတ်ကြောင်း ဦးသီဟက အတည်ပြုပြောသည်။
AGD ဘဏ်ဖွင့်လှစ်ခွင့်ကို ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင် ၂ရက်တွင် ရရှိခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်တွင် ဘဏ်ခွဲပေါင်း ၃၇ ဘဏ်၊ ဘဏ်ခွဲငယ် ၁၂ ဘဏ်ဖွင့်လှစ်ထားပြီး ခွင့်ပြုမတည်ငွေရင်း ကျပ် ၁ဝဝ ဘီလျံဖြစ်သည်။ ဘဏ်လုပ်ငန်း၊ အစုရှယ်ယာ ပိုင်ဆိုင်မှုပမာဏ၊ အစုရှယ်ယာတန်ဖိုးများနှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ပြောကြားရန် ဦးသီဟက ငြင်းဆိုသည်။