Social Icons

Wednesday, June 25, 2014

အိန္ဒိယတွင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ပြီး လေးဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ခရီးသည်တင် မီးရထားတစ်စင်း လမ်းချော်တိမ်းမှောက်ရာ အနည်းဆုံး လူလေးဦး သေဆုံးသွားကြောင်း သိရှိရသည်။
Rajdhani Express၏ ခရီးသည်တင် ရထားသည် မြို့တော် နယူးဒေလီမှ အရှေ့မြောက်ပိုင်းပြည်နယ် အာဆမ်သို့ ဦးတည်ခုတ်မောင်းနေခြင်း ဖြစ်သည်။ ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ရထားသည် ဘီဟာပြည်နယ်၊ ဆာရန်ဒေသတွင် လမ်းချော် တိမ်းမှောက်သွားခြင်း ဖြစ်သည်။

ရထားလမ်းချော်မှုသည် သာမန် မတော်တဆမှု မဟုတ်ဘဲ ရထားလမ်းပေါ်တွင် ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဖြစ်နိုင်ကြောင်း ရဲများက ယူဆနေသည်။ “သံလမ်းပေါ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်။ ဒါက ရထားလမ်းချော်စေတဲ့ အဓိက အကြောင်းရင်းလို့ ယူဆရပါတယ်”ဟု ရထားပို့ဆောင်ရေးဌာန ဥက္ကဋ္ဌ အေရူနန်ဒရာ ကူးမားက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။
အိန္ဒိယ ရထားပို့ဆောင်ရေးဝန်ကြီး ဆန်ဒါနန်ဒါ ဂိုဒါးက ရထားလမ်းချော်မှုနှင့် ပတ်သက်ပြီး တိတိကျကျ အဖြေမရှာရသေးဟု ဆိုသည်။ “လမ်းချော်မှုနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေရော၊ သတင်းတွေပါ အမျိုးမျိုး ထွက်နေတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ စုံစမ်းနေဆဲသာ ဖြစ်ပါတယ်”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ ရထားလမ်းချော်ရခြင်းမှာ အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသည့် Moists သူပုန်များ၏ လက်ချက်ကြောင့်ဟု ကောလာဟလများ ပျံ့နှံ့လျက်ရှိသည်။
အဆိုပါ ခွဲထွက်ရေး သူပုန်များသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် လှုပ်ရှားနေပြီး ယခင်ကလည်း အရပ်ဘက် ပစ်မှတ်များကို အကြမ်းဖက် တိုက်ခိုက်သည့် မှတ်တမ်းများ ရှိခဲ့ဖူးသည်။
Ref: Channelnewsasia
 
Blogger Templates