Social Icons

Monday, June 30, 2014

မိုးထိမိုးမိဒေသ ရွှေလုပ်သားများ ထောင်ဒဏ် ၉ လစီ ချမှတ်ခံရ

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ က ရွှေလုပ်သား ၄ ဦးနဲ့ သူတို့ကို အကူအညီပေးသူ မုံရွာမြို့နယ်က ကိုရာဇာတို့ကို ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင် ဒဏ် ၉ လစီ ချမှတ်လိုက်ပါတယ်။

ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့က ကိုသိန်းအောင်မြင့်က အခုလို ပြော ပါတယ်။

"ကျနော့်ဆီ နေ့လည်ပေါ့နော် ၃ နာရီ ၁၅ မိနစ်က ကိုရာဇာ လှမ်းပြီးဖုန်းဆက်တာတော့ ကိုဝင်းအောင် ရယ်၊ ကိုမင်းဇော်ဦးရယ်၊ ကိုမြင့်အောင်ရယ် ကိုအောင်ဆန်းလင်းရယ် ကိုရာဇာရယ် ပေါင်း ၅ ဦးကို ရမည်းသင်းတရားရုံးကပေါ့နော် ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၄၃ နဲ့ ထောင်ဒဏ် ၃ လ ပေါင်း ၉ လအမိန့်ချလိုက်တယ်လို့ သူပြောသွားပါတယ်ခင်ဗျ"

မိုးထိမိုးမိဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ ရွှေလုပ်သားတွေဟာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေရာ ကနေ ကုမ္ပဏီက ရွှေလုပ်သားတွေကို လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်တာကြောင့် ဒီနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က အဲဒီရွှေတွင်းတွေမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအထဲက ရွှေလုပ်သားခေါင်းဆောင် ၁၅ ယောက်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလက ၁၀ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရမည်းသင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

RFA Burmese
 
Blogger Templates