Social Icons

Wednesday, June 25, 2014

ပုဂ္ဂလိကသတင်းမီဒီယာအချို့ကို ရဲသတင်းအထူးတပ်ဖွဲ့ ခေါ်ယူမေးမြန်းနေမှုအပေါ် စာနယ်ဇင်းကောင်စီ ကြေညာချက်ထုတ်

ရန်ကုန်- ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုဂ္ဂလိက သတင်းမီဒီယာအချို့ကို ရဲသတင်းအထူးတပ်ဖွဲ့က တရားဝင်အကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ ဆက်သွယ်ခေါ်ယူမေးမြန်းမှုမျိုး နောက်နောင်ရှိလာပါက တရားဝင်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သဘောထားထုတ်ပြန်လိုက်သည်။

ပုဂ္ဂလိကသတင်းမီဒီယာအချို့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က တရားဝင်အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ ငွေကြေးခဝါချမှု တားဆီးကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ၎င်းတို့ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူကာ အရှုံး၊ အမြတ်၊ စောင်ရေ၊ ဝန်ထမ်းအင်အားနှင့် လစာကိစ္စများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မေးမြန်းခဲ့သည်။
သတင်းတပ်ဖွဲ့အနေဖြင့် ဖော်ပြပါ လုပ်ဆောင်ချက်များကို အများပြည်သူသိရှိစေရန် ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ကြေညာပေးရန်နှင့် နောက်နောင် အလားတူကိစ္စမျိုးရှိပါက တရားဝင်နည်းလမ်းများဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံညှိနှိုင်း၍သော်လည်းကောင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။
သတင်းတပ်ဖွဲ့သည် ပြည်တွင်းသတင်းမီဒီယာများဖြစ်သည့် The Voice သတင်းဂျာနယ်၊ မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ်သတင်းဂျာနယ်၊ ယူနတီသတင်းဂျာနယ်နှင့် 7Day Daily သတင်းစာတို့ကို တွေ့ဆုံမေးမြန်းခဲ့ကြသည်။
 
Blogger Templates