Social Icons

Monday, July 21, 2014

ဒေါ်စုကော်မတီ၏အကြံပြုချက် တရားရေးမဏ္ဍိုင် လျစ်လျူအရှုဆုံးဖြစ်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အကြံပြုချက်များကို အားအနည်းဆုံး အကောင်အထည်ဖော်ပေးသူမှာ တရားရေးမဏ္ဍိုင်ဖြစ်သည်ဟု အတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
“တရားရေးမဏ္ဍိုင်တွေနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးအောင် လုပ်ဖို့အတွက် ကောင်းမယ်။ ကျွန်တော်တို့က ဥပဒေပြုရေးပဲဆိုတော့ ၀င်စီရင်ချက်ချလို့ မရ၊ ၀င်ဆုံးဖြတ်လို့ မရဘူးလေ။ အဲဒီတော့ သဘောထားမှတ်ချက်ပဲ ပေးရတဲ့အတွက် သူတို့လုပ်တာလည်း ရှိတယ်၊ မလုပ်တာလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီးကော်မတီက တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များကို နှစ်စဉ်အစိုးရထံသို့ လွှတ်တော်မှ တစ်ဆင့်အစီရင်ခံစာ ရေးသားတင်ပြလျက်ရှိသည်။
လွှတ်တော်မှတစ်ဆင့် ကော်မတီက တင်ပြခဲ့သည့် အစီရင်ခံစာများကို အကောင်အထည်ဖော်ရာတွင် ဌာနအချို့သာ အကောင်အထည်ဖော်သည်ကို တွေ့ရှိရသော်လည်း ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို လွှတ်တော်သို့ပြန်လည် ဖြေရှင်းခြင်းမရှိသည့်အတွက် လုပ်ငန်းအောင်မြင်မှု ပမာဏကို ရာခိုင်နှုန်းဖြင့်ပင် တွက်၍မရဟု ဦးဝင်းမြင့်က ပြောသည်။
“ပူးပေါင်းဆောင်ရွက်မှု တချို့ရှိတယ်၊ တချို့က ကျတော့ တရားဥပဒေ စိုးမိုးမှုရှိလာရင် စိုးရိမ်မှုရှိနေသလားတော့ မသိဘူး။ အရင်နှစ်က အကြံပြုတာတွေကို အကောင်အထည်ဖော်တာတွေ ရှိတယ်။ အဲဒီဟာတွေ ဘယ်လောက်အထိ ဖော်လဲဆိုတာကို ခန့်မှန်းဖို့လို့လည်း မရဘူး”ဟု ၎င်းက ပြောသည်။
သုံးနှစ်ပြည့် အစီရင်ခံစာကို ထုတ်ပြန်ရန် စီစဉ်နေပြီး ယခင်နှစ်များနှင့် မတူသည့်အချက်များ ပါဝင်မည်ဟု ဦးဝင်းမြင့်က ဆိုသည်။ အဖွဲ့ဝင်၁၅ ဦးပါဝင်သည့် အဆိုပါကော်မတီသည် ပြီးခဲ့သည့် နှစ်များအတွင်း တရားရုံးများသို့ ကွင်းဆင်းလေ့လာခြင်း၊ တရားရေးဝန်ထမ်းများနှင့် ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ယခုနှစ်အတွင်း ကုလသမဂ္ဂနှင့် လက်တွဲ၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာဌာနများ နိုင်ငံအနှံ့ ဖွင့်နိုင်ရန် အစိုးရနှင့် ဆွေးနွေးနေပြီ ဖြစ်သည်။ သက်တမ်းတစ်နှစ်သာရှိသည့် ကော်မတီကို မကြာမီလွှတ်တော်က သက်တမ်းတိုးပေးရန် ရှိသည်။
 
Blogger Templates