Social Icons

Thursday, July 17, 2014

အဖွဲ့ဝင်များနုတ်ထွက်မှု လုပ်ငန်းစဉ်ကို ထိခိုက်မည်မဟုတ်ဟု ပီအာရ်ကော်မရှင်ဥက္ကဋ္ဌပြော

အမျိုးသားလွှတ်တော်တွင်အဖွဲ့ဝင် ၄၀ ဖြင့် ဖွဲ့စည်းထားသည့် အချိုးကျကိုယ်စားပြု စနစ်(ပီအာရ်) ကျင့်သုံးရန် အကောင်အထည်ဖော်မှုကော်မရှင်မှ အဖွဲ့ဝင်ရှစ်ဦး နုတ်ထွက်သွားသော်လည်း လုပ်ငန်းစဉ်များ ထိခိုက်မည်မဟုတ်ဟု ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက “မထိခိုက်နိုင်ပါဘူး”ဟု ပီအာရ်ကော်မရှင်မှ အဖွဲ့ဝင်များ နုတ်ထွက်မှုသည် လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပါသလားဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၁၃ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည့် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန် အကောင်အထည်ဖော်မှု ကော်မရှင်စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါနေ့မှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်ငါးဦး နုတ်ထွက်ခဲ့သည်။
မကြာသေးမီကလည်း တိုင်းရင်းသားကိုယ်စားလှယ်များဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊ဦးခင်မောင်လတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းသန့်စင်တို့ သုံးဦးလည်း နုတ်ထွက်ထားကြသည်။
နုတ်ထွက်သွားသည့် ကော်မရှင်အဖွဲ့ဝင်များ၏နေရာတွင် ဥပဒေပညာရှင်များဖြင့် အစားထိုးဖွဲ့စည်းရန် လည်းစီစဉ်နေသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
လက်ရှိကျင့်သုံးနေသည့် မဲအများဆုံး ရရှိသည့်ကိုယ်စားလှယ်အနိုင်ရသည့်စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့သည့် ဇွန်လတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုကို အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များက ထောက်ခံကာ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲ သာရှိသဖြင့် အတည်ဖြစ်ခဲ့ သည်။
လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက် ပွဲစနစ်မှာ မဲအများဆုံးရသူသာ အနိုင်ရသည့်စနစ်ဖြစ်ပြီး အချိုးကျ ကိုယ်စားပြုစနစ် PR မှာ မဲဆန္ဒရှင်များက ပါတီကို မဲပေးရသော စနစ်ဖြစ်ကာ ရရှိသော မဲအရေအတွက် အလိုက်ပါတီက ကိုယ်စားလှယ်ရရှိသောစနစ် ဖြစ်သည်။
 
Blogger Templates