Social Icons

Monday, July 21, 2014

ပြဿနာများအကြောင်းပြ၍ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မည်ကို စိုးရိမ်

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအချို့သည် ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းများ ဖြန့်ဝေခြင်းကြောင့် ပိုမိုဖြစ်ပွားနေသည်ဟူသော ယူဆချက်ဖြင့် အသုံးပြုခွင့် ပိတ်ပင်သွားမည်ကို စိုးရိမ်မိသည်ဟု အိုင်တီပညာရှင် တစ်ဦးဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့ (U (Myanmar ICT For Development Organization – MIDO)၏ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ကိုနေဘုန်းလတ်က “ဆိုရှယ်မီဒီယာဟာ အရမ်းမြန်တဲ့အတွက် မြန်နှုန်းမြင့်ခေတ်မှာ ဆင်ခြင်တုံတရားအတွက် နေရာ မရှိတော့ဘူး။ တုံ့ပြန်တဲ့နေရာမှာလည်း ဉာဏ်ကို ရှေ့တန်း မတင်တော့ဘူး။ အစိုးရအနေနဲ့ ဒီလိုဖြစ်နေတာကို စေတနာအမှန်နဲ့ စိုးရိမ်တာဆိုရင် ပြဿနာမရှိပေမယ့် ဒါကို အကြောင်းပြပြီး တစ်ဖက်က ပိတ်ပင်တာ မျိုးလုပ်လာမှာကိုတော့ စိုးရိမ်တယ်”ဟု ဆိုသည်။
ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် အမုန်းစကားများ၊ ကောလာဟလသတင်းများကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းကို ကာကွယ်တားဆီးနိုင်ရန်အတွက် ရန်ကုန်မြို့ MICT Park တွင် Community Forum on Responsible Social Media in Myanmar ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ကိုနေဘုန်းလတ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းနည်းပညာပညာရှင်များ၊ နာမည်ကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာတို့၏ အာရှဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကိုနေဘုန်းလတ်က “ဆိုရှယ်မီဒီယာဆိုတာ ရှောင်လွှဲလို့မရတဲ့ အပိုင်းပါ။ ၀င်ပြီးစီးမျောရမယ့်အရာပါ။ ဒီနေရာမှာ ဘယ်လိုပုံစံနဲ့ စီးမျောမလဲ။ အဆိုးဘက်ကို မဖြစ်အောင်ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့နေရာမှာ ထိန်းသိမ်းတယ်ဆိုတာကိုပဲ သုံးချင်တယ်။ ထိန်းချုပ်တယ်ဆိုတာကို မသုံးချင်ဘူး။ အစိုးရပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ဖြစ် စဉ်းစားတဲ့နေရာမှာ ထိန်းချုပ်တယ်ဆိုတာမျိုး မလုပ်ဖို့လိုတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ အင်တာနက်အသုံးပြုသူ ပိုမိုများပြားလာနေပြီး ဆိုရှယ်မီဒီယာများကို လက်နက်တစ်ခုအဖြစ် အသုံးပြုလာပါက အန္တရာယ်များသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောသည်။
၎င်းက “နည်းပညာသမားအနေနဲ့ ပြောရရင် မိုဘိုင်းသိပ်သည်းမှုနဲ့အတူ အင်တာနက် အသုံးပြုမှု မြင့်တက်လာပါတယ်။ ၁ ဒသမ ၈ သန်းလောက်က ဖေ့ဘွတ်ခ်ကို နေ့စဉ်သုံးနေပါတယ်။ ဒါကို လက်နက်တစ်ခုအဖြစ် သုံးလာရင် အန္တရာယ်ရှိနိုင်တဲ့အတွက် မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ဆိုသည်။
ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည့် သတင်းများ၊ အမုန်းစကားများကို ဆိုရှယ်မီဒီယာများတွင် ဖော်ပြနေခြင်းနှင့် ပတ်သတ်ပြီး အိုင်တီပညာရှင်၊ ဘလော့ဂါတစ်ဦးဖြစ်သည့် ကိုညီလင်းဆက်ကလည်း “ပွင့်လင်းမြင်သာမှုမရှိတဲ့ ကာလဟာ အရမ်းကြာခဲ့တဲ့အတွက် လူတွေအားလုံးက အရမ်းပြောချင်တယ်။ ဖော်ထုတ်ချင်တယ်။ ဒီအချိန်မှာ Digital Culture (ဒီဂျစ်တယ် ယဉ်ကျေးမှု)နဲ့ မရင်းနှီးခဲ့တဲ့သူတွေက တစ်ပြိုင်နက်ဝင်သုံးလာကြတဲ့အခါ ကသောင်းကနင်းနိုင်တဲ့ အဖြစ်မျိုး ဖြစ်သွားတယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။
ယင်းအပြင် ဂူးဂဲလ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာတို့၏ အာရှဆိုင်ရာကိုယ်စားလှယ်များက မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာများတွင် မိမိကိုယ်ကိုယ်တာဝန်ယူမှုနှင့် ပတ်သက်ပြီး လေ့လာနိုင်မည့်အချက်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က စတင်ပြီး မန္တလေးတွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် အွန်လိုင်းအသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမိုမပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုထားသေးသည်။
အဆိုပါ ပဋိပက္ခဖြစ်ပွားခဲ့သည့် ရက်ပိုင်းအတွင်းက ညပိုင်းတွင် လူမှုကွန်ရက်ဖေ့စ်ဘွတ် သုံးစွဲမရခြင်းနှင့်လည်း ကြုံတွေ့ခဲ့ရသေးသည်။
 
Blogger Templates