Social Icons

Tuesday, July 29, 2014

အိမ် ၁၃၄ လုံး ပျက်စီးစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်သွား

အမည်မသိသော်လည်း အားကောင်းသည်ဟုဆိုနိုင်သည် လေဆင်နှာမောင်းတစ်ခု ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ မြို့နယ် ငါးခုသို့ ဖြတ်တိုက်သွားရာ အိမ်ခြေ ၁၃၄ လုံးပျက်စီးသွားသည်ဟု ရန်ကုန်တိုင်း၊ မီးသတ်ဦးစီးဌာနမှ မဇ္ဈိမကို ပြောဆိုလိုက်သည်။
လေဆင်နှာမောင်းမှာ ဇူလိုင်လ၂၈ ရက်၊ ည ၁၁ ခွဲခန့်တွင် ကွမ်းခြံကုန်းမြို့မှ စတင်တိုက်ခတ်လာပြီး ဇူလိုင် ၂၉ ရက်၊ မနက် ၆ နာရီခန့်တွင် ထောက်ကြံ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များသို့ တိုက်ခတ်သွားသည်။
ပျက်စီးသွားသည့် အိမ် ၁၃၄ လုံးတွင် ပျဉ်ထောင်အိမ်၊ တဲအိမ်၊ ၀ါးခင်းအိမ်၊ သွပ်မိုးအုတ်ကာအိမ်အမျိုးအစားများ ပါဝင်သည်ဟု မီးသတ်ဦးစီးဌာနက ပြောသည်။ တိုက်ခတ်သွားသည့် လေဆင်နှာမောင်းအမည်မှာ မည်သည့် အမျိုးအစားဖြစ်သည်ကို ပြောဆိုနိုင်ခြင်းမရှိဟု မိုးလေ၀သနှင့် ဇလဗေဒမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က မဇ္ဈိမကို ပြောသည်။
မိုးလေ၀သအနေအထားအရ ဇူလိုင်လမျိုးတွင် တိုက်ခတ်ခြင်း မရှိတတ်သော်လည်း တိုက်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ မိုးလေ၀သအရ ဇူလိုင်လကာလသည် မုတ်သုံလေအတတ်အကျရှိသည့် အချိန်ဖြစ်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းသည့် ကာလဖြစ်သဖြင့် ထိုအခြေအနေများမှ လေဆင်နှာမောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် မင်္ဂလာဒုံမြို့နယ်၊ ဒေါ်ခင်ဌေးဌေးက “ကျွန်မတို့ အိပ်နေတုန်း ၀ုန်းဝုန်း၊ ၀ီဝီနဲ့ အသံတွေကြားလာပြီး အိမ်ကြီးကို တစ်ယောက်ယောက်က မနေသလိုပဲ၊ ငါးမိနစ်လောက်နေတော့ ငြိမ်သွားတယ်”ဟု ပြောသည်။
မင်္ဂလာဒုံမြို့နယ်တွင်း ပျက်စီးသွားသည့်အိမ်များနှင့် ကျိုးကျထားသည့် သစ်ပင်များကို တပ်မတော်သား ၁၀၀ ခန့်က လာရောက် ရှင်းလင်းရေးများ ပြုလုပ်သွားပြီး မုန်တိုင်းသင့်သူများအား ထမင်းထုပ်များ ပေးဝေသွားမည်ဖြစ်သည်။
လတ်တလောအခြေအနေအရ မင်္ဂလာဒုံမြို့နယ်တွင် ကယ်ဆယ်စခန်းဖွင့်လှစ်ထားခြင်းမျိုး မရှိသေးဘဲ အိမ်ပျက်များတွင်ပင် လူများနေထိုင်လျက်ရှိနေကာ ထောက်ကြံ့မြို့တွင်မူ ဘောဂဓမ္မာရုံနှင့် မဏိဇောတ ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည်။
 
Blogger Templates