Social Icons

Tuesday, July 29, 2014

နိုင်ငံတကာရွှေဈေးငြိမ်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ယခုရက်ပိုင်းတွင် ဈေးအနိမ့်ပိုင်းတွင် တည်ငြိမ်နေ

ယခုနှစ် မတ်လမှ ဇွန်လဆန်းပိုင်းထိ တဖြည်းဖြည်း ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် ဇွန်လလယ်တွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၅,၅၀၀ ဈေးဝန်းကျင်ဖြင့် ဇူလိုင်လကုန်ပိုင်းထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်ဟု ပြည်တွင်းရွှေဆိုင်များက ဆိုသည်။
နိုင်ငံတကာ ရွှေဈေးအတက်အကျပေါ်တွင် မူတည်သည့်ပြည်တွင်းရွှေဈေးမှာ နိုင်ငံတကာ ရွှေဈေးတက် ချိန်တွင်လိုက်ပါ ဈေးမြင့်တက်ပြီးဈေးကွက်အတွင်း ရောင်းလိုအားဝယ်လိုအား အနည်းအများအခြေ အနေ ပေါ်တွင်လည်း ဈေးနှုန်းအတက်အကျဖြစ်ပေါ်လေ့ရှိကြောင်း တိတ်စိန်ရွှေဆိုင် မှ ဆိုင်ရှင် ကိုဇော်အောင် ကပြောသည်။
“ အခုအခေါက်ရွှေတွေက ၀ယ်လိုအားနည်းတယ်။ ဒီလထဲမှာတော့ ရွှေဈေးထပ် တက်ဦးမယ်မထင်ဘူး။ ဈေးနှုန်းက ငြိမ်နေတုန်းပဲ ” ဟု ကိုဇော်အောင်က ဆက်လက် ပြောကြားသည်။
ပြည်တွင်းရှိ အခေါက်ရွှေများ မိုးရာသီအတွင်း အရောင်းအ၀ယ် ပါးနေကြောင်း ရွှေဆိုင်များထံမှ သိရသည်။ ပြည်တွင်း ရွှေဈေးနှုန်းများမှာ မေလအတွင်း ဈေးနှုန်း ပြောင်းလဲမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဇွန်လလယ် တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၁,၃၁၄ ထိ တိုးမြင့်သွားခဲ့သော်လည်း ဇူလိုင်လလယ် တွင် ဈေးနှုန်းပြန်လည်ကျဆင်းခဲ့သည်။
လက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းများမှာ ၁၅ ပဲရည်လျှင်ကျပ် ၆၃၅,၅၀၀၊ ၁၆ ပဲရည်လျှင် ကျပ် ၆၇၅,၅၀၀ ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာ ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် ဒေါ်လာ ၁,၃၀၈ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ ကုမ္ပဏီမှထုတ်လုပ်သော ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများဈေးနှုန်း ကျဆင်းလာ ကြောင်း ပြည်တွင်းရွှေဆိုင်များထံမှ သိ ရသည်။
“ ပြည်တွင်းရွှေဈေးကျတဲ့အတွက် ရွှေပြားဈေးတွေလည်းလိုက်ကျတယ်။ ဒေါ်လာဈေးတွေလည်း ငြိမ်နေ တော့ နိုင်ငံတကာရွှေဈေး ငြိမ်နေတာပါ ”ဟု မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ အတွင်းရေး မှူး ဦးကျော်ဝင်းက မဇ်္ဈိမကို ပြောသည်။
“ ပြည်တွင်း ရွှေဈေးကတည်ငြိမ်တယ် ဆိုပေမယ့်ဂရမ်ရွှေပြားဈေးက နည်းနည်း ကစားသွားတယ်။ အရောင်းအ၀ယ်ကတော့ ပုံမှန်ပဲရောင်းရတယ် ” ဟု ဦးထုံ ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
Blogger Templates