Social Icons

Tuesday, July 29, 2014

ကချင်စခန်းနှစ်ခု မြေပြိုနိုင်သည့်နေရာမှ မပြောင်းနိုင်သေး

ကချင်ပြည်နယ်၊ မန်စီ -ဗန်းမော်မြို့နယ် အနီးရှိ တောင်စောင်းများတွင် ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခုမှာ မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း ပြန်လည်နေရာချထားရန် မြေနေရာ အခက်အခဲကြုံနေရသည်ဟု မန်စီ-ဗန်းမော်မြို့နယ်အခြေစိုက် ကချင်အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ကက်သလစ်ကရုဏာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံကို နော်ဒင့်က မဇ္ဈိမကို ပြောသည်။
စခန်းနှစ်ခုအမည်မှာ ကာဂျယ်စခန်းနှင့် ခါ့ဂျယ်စခန်းတို့ ဖြစ်သည်။
ကိုနော်ဒင့်က“ဒီလူတွေကို ဘယ်နေရာမှာ နေရာပြန်ချရမလဲ ခေါင်းစားနေရတယ်။ နေရာ မရှိဘူးဖြစ်နေတယ်”ဟု အခက်အခဲ ကြုံနေရသည်ကို ပြောသည်။ မြေပြိုမှုအန္တရာယ်စိုးရိမ်နေရသည့် ကာ့ဂျယ်စခန်းတွင် ဒုက္ခသည် ၁,၆၀၀ ကျော်နှင့် ခါ့ဂျယ်စခန်းတွင် ဒုက္ခသည် ၃၄၀ ကျော်နေထိုင်နေသည်ဟု ကိုနော်ဒင့်က ပြောသည်။ စခန်းပြောင်းရွှေ့နိုင်ရန် အစည်းအဝေးထိုင်နေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြားတွင် ယာယီရွက်ဖျင်တဲများ ပြိုကျခြင်း၊ တဲအမိုးများပျက်စီးခြင်းတို့ဖြစ်ခဲ့သဖြင့် ဖျားနာသူမှာလည်း လူဦးရေ ၅၀၀ လျှင် ၆၀ ခန့် ဖျားနာနေသည်ဟု ကိုနော်ဒင့်က ပြောသည်။ ဖျားနာသူ အများစုမှာ ငှက်ဖျားရောဂါများ ပြန်လည်ဖြစ်ပွားခြင်း၊ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် အအေးမိခြင်းတို့ဖြစ်သည်ဟု ဆိုသည်။
ဖျားနာမှုဖြစ်ပွားနေသည့် ဒုက္ခသည်များအား ကုသရန် ကျေးလက်ဒေသ၊ ကျန်းမာရေးမှူးနှင့် သူနာပြုများသာရှိပြီး ဆရာဝန်မရှိဟု ကိုနော်ဒင့်က ပြောသည်။ စခန်းနေထိုင်သူ ဒုက္ခသည်များမှာ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် မန်စီမြို့နယ်အနီးရှိ ရွာများ၌ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ပြေးရှောင်နေထိုင်နေကြသူများ ဖြစ်သည်။
ထိုတိုက်ပွဲအပြီးတွင် ဒုက္ခသည်ဦးရေ ၇,၀၀၀ ကျော်တိုးမြင့်ခဲ့သည်။ ဒုက္ခသည် ၅,၀၀၀ ကျော်မှာ မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေကြပြီး ကျန်ဒုက္ခသည်များမှာ မိုင်းခေါင်စခန်း၊ မန်စီမြို့ ကရုဏာအသင်းစခန်း၊ဗန်းမော်မြို့ရှိစခန်းများအသီးသီးတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းစခန်းများတွင် ဒုက္ခသည်များပြားလွန်းသဖြင့် နေထိုင်ရန် တဲများနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ပြေးရှောင် စခန်းများရှိ ဒုက္ခသည်များအား အခြေခံလူမှုနေထိုင်ရေး ပစ္စည်းများအဓိက လိုက်လံကူညီပေးနေသည့် မေတ္တာလူမှုအရပ်ဘက်အဖွဲ့မှ ဒါရိုက်တာ ကိုဆိုင်းဆောင်ခမ်းကလည်း မိမိတို့မှာ များပြားလှသည့် ဒုက္ခသည်များအား လိုအပ်သည့်ပမာဏာ၏ သုံးပုံတစ်ပုံခန့်သာ အကူအညီပေးနိုင်သည်ဟု ဆိုသည်။
စစ်ပြေးရှောင်စခန်းများရှိ ဒုက္ခသည်များသည် မိမိတို့ အိမ်များရှိရာ ရွာများသို့ ပြန်နိုင်သည့် အခြေအနေမရှိသေးဟုလည်း မန်ဝိုင်းကြီးစခန်း တာဝန်ခံဖာသာခါးလိက ပြောသည်။
 
Blogger Templates