Social Icons

Sunday, August 24, 2014

ပီအာရ်ဥပဒေကြမ်း အချက်အချို့သာ ညှိနှိုင်းရန် ကျန်

၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ ဆန္ဒမဲပေးနေသည့် ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ ဆန္ဒမဲပေးနေသည့် ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေအနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်လုပြီဖြစ်ပြီး အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော် ပီအာရ်အကောင်အထည်ဖော်ရေးကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ရက်တွင် ပြောသည်။
ပါတီအသီးသီးက ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်း တန်းစီဇယား ထုတ်ပြန်ထား၍ ရရှိသည့် မဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းအလိုက် အစဉ်လိုက် ရွေးနုတ်ကာ အမတ်ဖြစ်ခွင့်ရမည့် ပီအာရ်အမျိုးအစားကို ရွေးချယ်ထားသည်ဟု ၎င်းက ပြောသည်။
ဥပဒေကြမ်းရေးဆွဲရာတွင် မဲဆန္ဒနယ်သတ်မှတ်မှုဆိုင်ရာ ကိစ္စအချို့ ညှိနှိုင်းရန် ကျန်နေသည်ဟု ဦးအုန်းတင်က ပြောသည်။
“မဲဆန္ဒနယ်တစ်နေရာနဲ့ သုံးနေရာ သတ်မှတ်ဖို့ ၀ိဝါဒကွဲနေတယ်။ မဲဆန္ဒနယ် (၁)နေရာဆိုရင် ဘယ်လိုအားသာချက် အားနည်းချက်တွေရှိတယ်။ သုံးနေရာဆိုရင် ဘယ်လိုရှိတယ်ဆိုတာကို စာတမ်းပြုစုရေးအဖွဲ့က ရေးဖို့ ကျန်နေသေးတယ်”၎င်းက ပြောသည်။
ကွဲလွဲနေသည့် သဘောထားအတိုင်း စာတမ်းရေးကာ အမျိုးသားလွှတ်တော်သို့ တင်သွင်း၍ အဆုံးအဖြတ်ယူမည်ဟု ဦးအုန်းတင်က ပြောသည်။
လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲအများဆုံးရသူ အမတ်ဖြစ်ခွင့်ရှိသည့် စနစ်မှ ပီအာရ်သို့ ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဇူလိုင်လအတွင်း ဆုံးဖြတ်ထားပြီးဖြစ်သည်။
အဆိုပါစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများမှလွဲ၍ ကျန်သော တိုင်း၊ ပြည်နယ်အားလုံး၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် ကော်မရှင်က ဆုံးဖြတ်ထားသည်ဟု အဖွဲ့ဝင်တို့က ဆိုသည်။
လက်ရှိအချိန်တွင် အချိုးကျကိုယ်စားပြုစနစ် (PR) ဥပဒေကြမ်းကို ကော်မရှင်၏ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့က ရေးဆွဲနေဆဲဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် ရေးဆွဲပြီးသည့် ဥပဒေကြမ်းကို ပြန်လည်ဆွေးနွေးစေမည်ဟု ကော်မရှင်အဖွဲ့ဝင်တချို့က ပြောသည်။
ကော်မရှင်အဖွဲ့ဝင် ဦးဗညားအောင်မိုးက “စာတမ်းပြုစုရေးနဲ့ ဥပဒေရေးဆွဲရေးအဖွဲ့က ဆွဲထားတယ့် ဥပဒေကြမ်းကို စက်တင်ဘာ ၁ ရက်မှာ ဆွေးနွေးမယ်၊ အားလုံးသဘောတူရင် လွှတ်တော်တင်ဖို့ပဲရှိတော့တယ်”ဟု ဆိုသည်။
ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အတွင်း ၀ိဝါဒကွဲပြားနေသော်လည်း ၂၀၀၈ အခြေခံဥပဒေ၌ အမျိုးသားလွှတ်တော်ကိုယ်စားပြု အမတ်ရွေးချယ်ရန် နည်းလမ်းဖော်ပြထားပြီးဖြစ်သည်။
အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသကိုယ်စားလှယ် တစ်ဦးစီပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါအ၀င် တိုင်း၊ ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် အမတ် ၁၆၈ ဦး ရွေးကောက်ရန် ပြဋ္ဌာန်းထားသည်။ ဥပဒေကြမ်းကို အောက်တိုဘာတွင် ပြုလုပ်မည့် လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။
 
Blogger Templates