Social Icons

Thursday, August 14, 2014

နတ်မောက်မြို့ တွင် ဗိုလ်ချူပ်နှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကို ခမ်းနားစွာ ကျင်းပမယ်

 နတ်မောက်မြို့တွင် ဇူလိုင်လ(၁၉)ရက်၊ ဇူလိုင် (၂၃)ရက်၊ ဇူလိုင် (၂၆) ရက်နှင့် ဩဂုတ်လ (၆)နေ့ များတွင် အမျိုးသား ခေါင်း ဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် ဗိုလ်ချုပ် ကိုချစ်ကြသူ နတ်မောက်သားများ အနေဖြင့် စုစည်းတိုင်ပင် ဆွေးနွေး ပွဲများကို နတ်မောက်မြို့၊ ဆုတောင်းပြည့်၊ ဘုရားကြီး ကျောင်းတိုက်တွင် (၄)ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 
                    

"အဓိကအားဖြင့် ဆရာတို့ နတ်မောက်သားတွေ အနေနဲ့ ဗိုလ်ချုပ်ကို ကျေးဇူးဆပ်ချင်လို့ကို ကြိုးစားနေကြတာပါ။ ဒီအခမ်း အနားဟာ ပြည်သူအားလုံးနဲ့သက်ဆိုင်နေရပါ့မယ်။ ဒါကြောင့် ဗိုလ်ချုပ်ကိုချစ်ကြသူတိုင်း ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု ကျင်းပရေး ကော်မတီတွင် ပါဝင်သည့် နတ်မောက်သား ပညာရေး ဝန်ထမ်းဟောင်း ဦးဋ္ဌေးဝင်း(နိုင်/ကျဉ်း) ကရှင်းပြသည်။

ဆွေးနွေးပွဲ အစပိုင်းကာလများတွင် ဗိုလ်ချုပ်ကိုချစ်ကြသူများ ကြားဝယ်နားလည်မှု လွဲနေခြင်းများ အနည်းငယ်ဖြစ်ပေါ်ခဲ့ ပြီး အဆင်မှပြေပါ့မလားဟု ပူပန်မှုများ ရှိနေကြသော်လည်း လူကြီးလူကောင်းများ ဖြစ်ကြသည်နှင့်အညီ နားလည်မှုကိုယ်စီ ရှိနေကြခြင်းကြောင့် အခုအခါ အားလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြတော့မည်ဟု သိရသည့် အတွက် အင်မတန်ဝမ်းသာ မိကြောင်း ဗိုလ်ချုပ်ကို ချစ်သည့်သူများထဲတွင် အပါအဝင်ဖြစ်သော NLDပါတီဝင်တစ်ဦးဖြစ်သူ နတ်မောက်မြို့ခံ ကိုစိုးဝင်း ကပြောသည်။

     "ကျွန်တော်တို့ကတော့ ဗိုလ်ချုပ်ရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ဂုဏ်သိက္ခာကို ထောက်ရှုပြီးတော့ အားလုံးကို ညီညီညွတ် ညွတ်နဲ့ကျင်းပဖို့ကိုပဲ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ အတိတ်က အစွဲအလန်းတွေကို သယ်မလာစေချင်ဘူး။ အခုအချိန်မှာ လက် ရှိနှစ်တစ်ရာပြည့်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးကြသူဆိုရင် ဘယ်သူနဲ့လုပ်ရလုပ်ရ လုပ်မယ် " ဟုဗိုလ်ချုပ်၏ရှားပါးဓါတ် ပုံများကိုစုဆောင်းတင်ပြနေပြီး၊ နတ်မောက်မြို့ရှိ စာပေချစ်သူများကိုစုစည်းကာ နှစ်စဉ် စာပေ ဟောပြောပွဲများဖြင့်ပြည်သူတို့၏ နား၊မျက်စေ့များကို အလင်းဖွင့်ပေးရန်ကြိုးစားနေသူဖြစ်သည့် ကိုဘိုသူ (ဇေယျတု)က သူ၏အမြင်သဘောထားကို ပြောပြသည်။

       ဗိုလ်ချုပ်၏နှစ်တစ်ရာပြည့်အခမ်းအနားကို ၂၀၁၅ခုနှစ်၊ဖေဖေါ်ဝါရီလ၁၃ရက်နေ့ကို ဗဟိုပြု၍(၇)ရက်တိတိကျင်းပသွား ရန်လျာထားစီစဉ်နေပြီး၂၀၁၃ခုနှစ် ကတည်းက ရာပြည့်အကြိုပွဲများ ကျင်းပ ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုကျင်းပမည့်နှစ်တစ်ရာပြည့်အခမ်းအနားကို ပြပွဲ၊ပြိုင်ပွဲ၊ဖျော်ဖြေရေး၊ညစဉ်စာပေဟောပြောပွဲများဖြင့်စည်ကား သိုက်မြိုက် စွာကျင်းပ နိုင်ရန်စီစဉ် နေကြသည်။ အထူးအစီအစဉ်အဖြစ် ဒေါက်တာအရှင်ဥာဏိဿရကို ပင့်လျှောက်ကြမည်ဖြစ်ပြီး အထူးဧည့်သည်တော်အဖြစ် ဦးတင်ဦးနှင့် စာပေဟောပြောရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့်ဖိတ်ကြားမည် ဟု ကော်မတီအဖွဲ့ဝင် ဦးကောက်တီ၏ ပြောပြချက်အရ သိရသည်။

     နတ်မောက်မြို့တွင်ကျင်းပမည့် ဗိုလ်ချုပ်၏ မွေးနေ့နှစ်တစ်ရာပြည့် ပွဲအတွက် ပုပ္ပားတောင်ကလပ်ရှိ ရွှေဝန်းခြံ၊ရေဝန်းကျောင်း တိုက် ဆရာတော်ဦးကေလာသ အရှင်သူမြတ်က ကျုပ် ဒီဆွေးနွေးပွဲကိုလာတာ နိုင်ငံရေးလုပ်ဖို့မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ် ကိုလေးစားလို့။ ဗိုလ်ချုပ်ကိုချစ်လို့။ ဒါကြောင့် ကျုပ်နဲ့ကျုပ်ဒကာတွေစုပြီး အဲဒီပွဲကျရင် သံဃာအပါးတစ်ထောင် ပင့်ပြီး သင်္ကန်း ကပ်လှူမယ်။ စုစုပေါင်းကျပ်သိန်း(၂၀ဝ)ဖိုးလှူမယ်}}ဟု စတုတ္ထကြိမ်မြောက်ဆွေးနွေးပွဲတွင်ြွကရောက်မိန့်ကြားသည်။

ဒီပွဲကြီးကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူတန်းစားအလွှာ အသီးသီးမှ ဗိုလ်ချုပ်ချစ်သူများအားလုံးပါဝင်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက် နေကြသည့်ချိန်တွင် အချင်းချင်းနား လည်မှု ရှိကြရန်လိုအပ်ပြီး ဖေ့စ်ဘုတ်များပေါ်မှ တကိုယ်တော် ခံစားချက်များကို အလွယ်တကူ မယုံစားသင့်ကြောင်း၊ အထူးသဖြင့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့ကို ပြည်သူအားလုံး ပါဝင်သည့် အခမ်းအနား တစ်ရပ်အဖြစ် ပုံဖေါ်ဆောင်ရွက်သွား ကြရမည်ဖြစ် ကြောင်း ဗိုလ်ချုပ်၏ နှစ်တစ်ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဋ္ဌေးဝင်း(နိုင်/ကျဉ်း)က ထပ်မံရှင်းပြသည်။

ပေါ် ဦး (နတ်မောက်)
 
Blogger Templates