မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ အမှတ် ၁၃ လေ့ကျင့်ရေးသင်တန်းကျောင်း၏ လေ့ကျင့်ပစ်ခတ်မှုတွင် မသန်စွမ်းအမျိုးသမီးတစ်ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့သော်လည်း အသက်သေဆုံးမှု မရှိဟု သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က သြဂုတ် ၂၄ ရက် တွင် မဇ္ဈိမကို အတည်ပြုသည်။
လေ့ကျင့်ရေးတပ်၏ လေ့ကျင့်ပစ်ခတ်မှုကြောင့် သြဂုတ် ၂၃ ရက်တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ကာ သြဂုတ် ၂၄ ရက် နေ့လယ်တွင် ခုနစ်မိုင်လေ့ကျင့်ရေး သင်တန်းအမှတ်(၂) ကုတင် ၁၀၀ ဆေးရုံတွင် ခွဲစိတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“အရင် ၂၀၁၂ လောက်တုန်းကလည်း ဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ လူကို ထိတာမဟုတ်ဘူး။ ယာတွေကို ပစ်တာ အဲဒီနောက်ပိုင်း လေ့ကျင့်ရေးလုပ်တော့မယ်ဆိုရင် ကြိုအကြောင်းကြားတယ်။ အခုတော့ ကြိုအကြောင်း မကြားဘူး။ ဒီနေ့ (၂၄ ရက်)ဖြစ်ပြီးတဲ့နေ့မှ စာလာပို့တယ်။ တွင်းငယ်၊ ရေညောင်ဦး၊ ဒူးဒင်း တစ်မိုင်ပတ်လည် လေ့ကျင့်ရေးလုပ်မယ်ဆိုပြီးတော့”ဟု ဦးဇော်နိုင်က ပြောသည်။
လေ့ကျင်ရေးကွင်းသည် ကျောက်ဖျာရွာနှင့် လေးမိုင်ခန့်ဝေးကွာသော်လည်း ကျည်ဆန်ထိမှန်သည့်နေရာသည် ကွင်းနှင့် တစ်မိုင်ခန့်အကွာ ယာခင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ကို ဘယ်သူက လုပ်ပေးမလဲဆိုတာ မသိရသေးဘူး။ သူ့ရဲ့အစ်မက စကားမပြောတတ်ဘူး။ ဒီနေ့ခွဲစိတ်ပြီးတော့ မေ့လိုက်သတိရလိုက်ဖြစ်နေပါတယ်။ အခြေအနေကိုတော့ အတိအကျမသိရဘူး။ လိုက်သွားတဲ့သူတွေဆီက ပြန်သိရတာ”ဟု ကျောက်ဖျာရွာ ဒူးဒင်းရပ်နေ ဦးမင်းမင်းထွန်းက ဆိုသည်။
အမှတ် (၁၃) လေ့ကျင့်ရေးတပ်သည် သြဂုတ်လ ၂၀ မှ ၂၇ ရက်ထိ အတန်းမြှင့်သင်တန်း လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မှုပြုလုပ်မည်ဟု သြဂုတ် ၂၄ ရက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ လာရောက် အကြောင်းကြားခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗိုလ်မှူးအဆင့်ရှိသူနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ထံ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိပေ။