Social Icons

Tuesday, August 19, 2014

ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌများ နှင့် စာနယ်ဇင်းကောင်စီ သြဂုတ် ၂ဝရက် တွေ့ပြီ

ရန်ကုန်၊မဇ္ဈိမ။               ။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ်လ၂ဝရက်တွင် နေပြည်တော် လွှတ်တော်ရုံးများ၌ သီးခြားတွေ့ဆုံမည်ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးသီဟစောက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံရာတွင် သတင်းမီဒီယာနှင့် ပတ်သက်၍ ဥပဒေရေးရာများ နှင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးနိုင်ရေး တို့ကို စာနယ်ဇင်းကောင်စီဘက်မှ ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။
“မဏ္ဍိုင်လေးရပ်ကိစ္စ နောက်တစ်ခုက လွှတ်တော်ကနေ လုပ်ပေးနိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။ ပုဒ်မ- ၅ဝဝ အသေရေဖျက်မှုက ပြစ်မှုဆိုင်ရာ ဥပဒေထဲကို ရောက်နေတယ်။ ဒါကို တရားမမှုထဲ ပြောင်းစေချင်တယ်။ ဒါမှ ငွေဒဏ်လောက်နဲ့ ပြီးမှာ”ဟု ၎င်းက ထပ်မံပြောကြားသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း တည်ဆဲ ဥပဒေများတွင် မီဒီယာလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေနိုင်သည့် ဥပဒေများ ရှိနေသည့်အတွက် ဥပဒေပြုလွှတ်တော်များအနေဖြင့် ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်းနှင့် ပုဒ်မ-၅ဝဝကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် အရေးယူနိုင်သည့် ပုဒ်မအချို့ကို တရားမမှုတွင် ပြင်ဆင်ထည့်သွင်းရန် လိုအပ်သည်ဟုလည်း ထောက်ပြသုံးသပ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ကောင်စီဘက် ဒုတိယဥက္ကဋ္ဌ အပါအဝင် ကောင်စီအဖွဲ့ဝင် ကိုးဦးတို့ သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
သြဂုတ်လ ၁၆ရက်ကလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ ရန်ကုန်ရှိ စာနယ်ဇင်းကောင်စီရုံးတွင် တွေ့ဆုံခဲ့ပြီဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမှု အပြီးတွင် မဏ္ဍိုင်လေးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်(မီဒီယာ) တို့ ပါဝင်သည့် ဆွေးနွေးပွဲကို စက်တင်ဘာလကုန်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုငရန် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည်။
စာနယ်ဇင်းကောင်စီ နှင့် သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၁ ရက်က တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင် (မီဒီယာ)တို့ အကြား တာဝန်ဝတ္တရား နှင့် ကျင့်ဝတ် စည်းကမ်းများကို အပြန်အလှန် နားလည်စေမှုနှင့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲများ ကျင်းပသွားရန် သဘောတူညီချက် ရရှိခဲ့သည်ဟု ကောင်စီ၏ သဘောထားကြေညာချက်တွင် ပါရှိသည်။
 
Blogger Templates