လှိုင်သာယာမြို့နယ် Master Sports ဖိနပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် ကိုးရီးယားသံရုံးရှေ့၌ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄၊ ဇူလိုင် ၁၇ ရက်က ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ-ဘိုဘို
အလုပ်စည်းကမ်းချိုးဖောက်မှုမှလွဲ၍ အလုပ်ရှင်က အကြောင်းအမျိုးမျိုးပြ အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ရရေး လုပ်ဆောင်ပေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး၏ ကတိသည် အလုပ်အကိုင်ပြပွဲ၊ အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်အလုပ်ခေါ်စနစ်တို့ဖြင့် အကောင်အထည်ပေါ်မလာနိုင်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ပြောသည်။
ဝန်ကြီးဦးအေးမြင့်က သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ ရှစ်မိုင်အလုပ်သမားရုံးတွင် အလုပ်သမားသမဂ္ဂအဖွဲ့များနှင့် တွေ့ဆုံစဉ် ယင်းသို့ ကတိပြုခဲ့ခြင်းကို သမဂ္ဂနှင့် ကိုယ်စားလှယ်များက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အလုပ်အကိုင်ပြပွဲများ၊ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံ အလုပ်ခေါ်ယူရေးများ စီစဉ်ဆောင်ရွက်ပေးခဲ့သော်လည်း Master sport ဖိနပ်စက်ရုံမှ အလုပ်သမား ၁၆၀ ကျော်မှာ ယနေ့တိုင် အလုပ်လက်မဲ့ဖြစ်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက “၀န်ကြီးက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ရရေး အားတတ်သရော ကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ မိမိနှစ်သက်တဲ့ အလုပ်အကိုင်အမျိုးအစား ပြန်ရအောင် အလုပ်အကိုင်ပြပွဲတွေကော လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ထုတ်ခံရတဲ့သူတွေ အားလုံး အလုပ်ပြန်ရဖို့ဆိုတာတော့ မလွယ်ပါဘူး”ဟု ပြောသည်။
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က “စည်းကမ်းချိုးဖောက်ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကိုတော့ အလုပ်ပြန်ရရေး ကူညီပေးမှာ မဟုတ်ပါဘူး။ အကုန်လုံးကိုတော့ တစ်ပြိုင်နက် ခန့်နိုင်မှာ မဟုတ်ပါဘူး”ဟုပြောသည်။
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပြပွဲများကို ကျပ်သိန်းပေါင်းများစွာ ကုန်ကျခံ၍ ပြုလုပ်ကြသော်လည်း လက်တွေ့ကျသော လုပ်ကိုင်ခန့်ထားမှုမျိုးများ ထည့်သွင်းစဉ်းစားပေးခြင်းမျိုးများနှင့် အလုပ်အကိုင် တစ်ခုလျှင် ခန့်အပ်နိုင်မည့် လူဦးရေပေါ်မူတည်ပြီး အကောင်အထည်ဖော်မှုများ အခြေခံအလုပ်သမားများတွက် သင့်လျော်သော အလုပ်အကိုင်အမျိုးအစားများ ဖန်တီးပေးခြင်းနှင့် လုပ်ငန်း လိုအပ်ချက်ဆိုင်ရာ ကျွမ်းကျင် သင်တန်းပေး ဖွင့်လှစ်ပေးခြင်းမျိုးကို ထည့်သွင်းစဉ်းစားရမည်ဟု ဦးအောင်လင်းက ဆိုသည်။