Social Icons

Sunday, August 24, 2014

ဆိုင်ကယ်ကယ်ရီများ အရေးယူပေးရန် အနှေးယာဉ် လုပ်သား ၁ဝဝ ဆန္ဒထုတ်ဖော်

24aug4ရန်ကုန်(မဇ္ဈိမ)။                ။  လှိုင်သာယာမြို့နယ်တွင် တရားမဝင်ဆိုင်ကယ် ကယ်ရီများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ရသည်ဟု ဆိုကာ ဥပဒေအရဆောင်ရွက်ပေးရန် အနှေးယာဉ်လုပ်သား ၁ဝဝ ကျော် ကျိုက္ကဆံအားကစားကွင်းရှိ ဟစ်တိုင်တွင် သြဂုတ် ၂၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။
“ကျွန်တော်တို့လှိုင်သာယာမှာ ဆိုင်ကယ်တွေစီးပိုင်ခွင့်မရှိဘူး။ ကယ်ရီကတော့ တစ်နိုင်ငံလုံး ဆွဲပိုင်ခွင့်ရှိတယ်။ ဥပဒေအတိုင်း လုပ်ပေးဖို့ နိုင်ငံတော်ကို သိအောင်လို့ ဆန္ဒထုတ်ဖော်ရတာပါ” ဟု ရွှေလင်ဗန်း မူကြိုလမ်းဆုံ ဆိုက်ကားဂိတ်မှုး ဦးမြင့်သောင်းက ဆိုသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် အနှေးယာဉ်လုပ်သား ဦးထွန်းထွန်းက “ဒီအတိုင်းဆက်ထားမယ်ဆိုရင်၊ နှစ်ဦးနှစ်ဖက် ဆေးရုံနဲ့ အချုပ်ပုံစံမျိုးဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ ဒီထက်ကြာရှည် မခံစားနိုင်တော့ဘူး။ ဒါကြောင့် တာဝန်ရှိ သူတွေသိအောင် ဟစ်တိုင်ကနေ အကူအညီလာတောင်းတာ” ဟု ၎င်းးကဆိုသည်။
အနှေးယာဉ် လုပ်သားများမှာ အုပ်ချုပ်မှု အဆင့်ဆင့်အောက် တရားဝင် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အခက်အခဲများစွာရှိသော်လည်း ဆိုင်ကယ်ကယ်ရီများမှာမူ ဦးရာလူစနစ်ဖြင့် ခေါ်ယူပြေးဆွဲများနေသည်ဟု အနှေးယာဉ်လုပ်သားများက ဆိုကြသည်။
“ဆိုင်ကယ်တစ်စီးကလည်း နှစ်သိန်းခွဲနှစ်သိန်းလောက်ပေးရင် ရတယ်လေ။ နိုင်ငံတော်ကို အခွန်ဆောင်ပြီး ခြောက်သိန်းနဲ့ပေးဝယ်ရပြီး  မိသားစုအတွက် တစ်ရက်ကို သုံးလေးထောင်ရှာလို့ရတဲ့ ဝင်ငွေလေးနဲ့ သားသမီး သားမယားတွေနဲ့ကလေးတွေရဲ့ပညာရေးကို ထောက်ပံ့ပေးနေရတာ။ ဆိုက်ကားပိုင်ရှင်ကို တစ်ရက်ရှစ်ရာ၊ တစ်ထောင်ကျပ်ပေးရတော့အဆင်မပြေဘူး” ဟု ဆိုက်ကားဂိတ်မှုးတစ်ဦးဖြစ်သူ ဦးခင်လှိုင် ကပြောသည်။
လှိုင်သာယာမြို့နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် အနှေးယာဉ်ပေါင်း ၁၅၆၄ စီးရှိပြီး ဆိုင်ကယ်များမှာ အစီးရေ နှစ်သောင်းခန့်ရှိသည်။ အနှေးယာဉ် လုပ်သားများ၏ ဝင်ငွေမှာလွန်ခဲ့သည့် သုံးနှစ်ကထက်စာလျှင် သုံးဆလျော့ကျခဲ့ပြီး ဆိုင်ကယ် ကယ်ရီသမားများ၏ ဝင်ငွေမှာ တစ်ရက်လျှင် တစ်သောင်းကျော် ရရှိသည်ကို အနှေးယာဉ်လုပ်သားများက ကျေနပ်မှု မရှိခြင်း ဖြစ်သည်။
ယခုဆန္ဒထုတ်ဖော်ခြင်းကို မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ရန်  သြဂုတ် ၁၈ ရက်ကကျောက်တံတား ရဲစခန်းတွင် တင်ပြခဲ့ပြီး ကျိုက္ကဆံဟစ်တိုင်တွင်သာ လူဦးရေ ၂ဝဝ ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ပေးခဲ့သည်။
ဆိုင်ကယ်ကယ်ရီ ပပျောက်ရေး ဆန္ဒထုတ်ဖော်မှုကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အောက်တိုဘာက ပထမအကြိမ်၊ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ် ဖြစ်သည်။
 
Blogger Templates