ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရယူခြင်းနှင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကြောင့် ခေတ္တ ရပ်နားထားသည့် မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကား လေလံတင်ရောင်းချပွဲကို ယခုစက်တင်ဘာလ၌ ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် (မန္တလေးတိုင်း) ဥက္ကဌ ဦးတင်ထွဋ်ဦးက The Voice သို့ ပြောကြားသည်။
“အခုပန်းချီကားကိစ္စက ၄၃၆ လက်မှတ်ထိုးတဲ့ဟာနဲ့ ခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့အခါမှာ ပန်းချီကားကိစ္စကို ဆက်မလုပ်နိုင်သေးတာပါ၊ ရှမ်းဝတ်စုံနဲ့ အမေစု ပန်းချီကားကို သိန်း ၃၀ ပေးတာ ရှိနေပြီ ဖြစ်ပေမယ့် နောက်ပန်းချီကားအတွက် လေလံဈေး ရရှိလာအောင် စောင့်နေတဲ့သဘောပါ” ဟု ၎င်းကဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် မန္တလေးသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လာရောက် ဟောပြောစဉ် အဆိုပါ ပန်းချီကားနှစ်ချပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ပုံငွေအဖြစ် မေလ ၁၃ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပဒုမ္မာခန်းမတွင် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
ရပ်နားထားသည့် ကြားကာလများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားအပေါ် စိတ်ဝင်စားမှု ပိုမိုလျော့နည်းသွားနိုင်ကာ ပြန်လည် လေလံစတင်သည့် အချိန်တွင် လူထုစိတ်ဝင်စားမှု ရှိမည့် လှုံ့ဆော်မှုမျိုးဖြင့် ပြုလုပ်ပါက ပိုမို၍ စိတ်ဝင်စားမှု အားကောင်းလာနိုင်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ မန္တလေး တာဝန်ခံတစ်ဦးက ဆိုသည်။
ယင်းပန်းချီကား နှစ်ချပ်သည် ပြီးခဲ့သည့် မန္တလေး မဟာသင်္ကြန်ကာလ အတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခွပ်ဒေါင်းကြယ်ဖြူ သင်္ကြန်အလှပြယာဉ်တွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်ပြီး ပန်းချီဆရာ ကိုမဲကြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။