ရန်ကုန် (မဇ္ဈိမ)။ ။ ညပိုင်းနှင့် မနက်အစောပိုင်းတွင် ရန်ကုန်မြို့အတွင်း ပြိုင်ကားများ စည်းကမ်းမဲ့ မောင်းနှင်နေမှုကြောင့် ပြည်သူများ ထိတ်လန့်နေကြရသည်ဟု ပြည်သူတစ်ဦး၏ တင်ပြမှုကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။
“ဒါက လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူရမှာလေ။ ကျွန်မ ဒီတစ်ခေါက် တင်ပြပေးပါ့မယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းလွှတ်တော်၏ အတွေ့အကြုံများကို ဗဟန်းပြည်သူများထံ စက်တင်ဘာ ၁၇ ရက် ဗဟန်းမြို့ နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ရှင်းလင်းစဉ်ထိုသို့ပြောသည်။
မနက်အစောပိုင်း သံဃာများဆွမ်းခံကြွသည့် အချိန်တွင်ပင် ပြိုင်ကားအချို့ စည်းကမ်းမဲ့ မောင်းနှင်နေသည်ဟု ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦး၏ ပြောဆိုမှုကို ဒေါက်တာညိုညိုသင်းက ယင်းသို့ ကတိပေးလိုက် ခြင်းလည်းဖြစ်သည်။
“ပြိုင်ကားတွေ စည်းမဲ့ကမ်းမဲ့မောင်းနေတာ တော်တော်လည်း ကြာနေပါပြီ။ ဘယ်သူကမှလည်း အရေးယူတာမျိုး မရှိပါဘူး။ ရပ်ကွက်တစ်ခုလုံးက ၀ိုင်းပြီးတော့ ခဲနဲ့ထုမှရတော့မယ့် အနေအထားဖြစ်နေတယ်။ လူထုက တော်တော်ထိတ်လန့်နေပြီ။ သူတို့က ပြိုင်ကားဝင်းလိုဖြစ်ပြီးတော့ လုပ်ချင်သလိုလုပ်နေတဲ့ အနေအထားဖြစ်နေတယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပြည်လမ်း၊ (၆) မိုင်အနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်မောင်းနှင်သူကို ရိုက်နှက်မှု ဖြစ်ပွားသေးသည်။
“အဓိကက ညအချိန်မှာဆို ပြိုင်ကားတွေ ထိန်းထိန်းသိမ်းသိမ်း မောင်းသင့်တယ်” ဟုလည်း အငှားယာဉ် မောင်းတစ်ဦး က ပြောသည်။
ယာဉ်မတော်တဆမှုသည် ညအချိန်တွင် ဖြစ်ပွားမှုပိုများပြီး လမ်းကျယ်များ၊ လူရှင်းသည့်လမ်းများ၊ မီးအလင်းရောင် ကောင်းစွာမရသည့်နေရာများတွင် ကားများ မဆင်မခြင်နှင့် အရှိန်ပြင်းပြင်း မောင်းနှင်ခြင်းများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှတ်တမ်းများကဆိုသည်။