Social Icons

Monday, September 15, 2014

အကြမ်းဖက်သမားများကို ဗုံးကြဲတိုက်ခိုက်ရန် အီရတ်သမ္မတ တောင်းဆို


အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်သမားတွေ လှုပ်ရှားနေတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ အီရတ်သမ္မတက ပြင်သစ်နိုင်ငံ ပါရီမှာ  ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။

အစ္စ လာမ္မစ် ပြည်ထောင် စု အဖွဲ့ (အိုင် အက်စ်) ကြောင့် ပေါ်ပေါက်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ကိစ္စတွေနဲ့ပတ်သက်လို့ အီးယူနိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေ၊ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံ၊ အီရတ် အိမ်နီးချင်းတွေ၊ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ ဆော်ဒီ အာရေးဗီးယား၊ ကူဝိတ်၊ ယူအေအီး တို့ တက်ရောက်တဲ့ ညီလာခံမှာ  အီရတ်သမ္မတ မက်ဆွန်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ဒီလတွေအတွင်းမှာ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး တိုင်းရင်းသားအုပ်စုတွေ၊ ဘာသာရေးအုပ်စုတွေကို မျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရာဇ၀တ်မှု လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်သမ္မတက “အကြမ်းဖက်သမားတွေကို ခြေချစရာ နေရာမရှိအောင် တိုက်ရမယ်။ သူတို့ရဲ့ ရန်ပုံငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ရမယ်။ သူတို့နဲ့ ဘယ်သူမှ ပူးပေါင်းဆောင်ရွက်လို့ မရအောင် ဥပဒေလမ်းကြောင်းကနေလည်း ပိတ်ဆို့ရမယ်။ တရားဥပဒေကြောင်းအရလည်း အရေးယူနိုင်အောင် ဆောင်ရွက်ရမယ်။ အိမ်နီးချင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်အောင် လုပ်ရမယ်။ ဒုက္ခသည်တွေကို အကူအညီပေးရမယ်” လို့  တောင်းဆိုလိုက်ပါတယ်။

အီရတ်သမ္မတနဲ့  ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတကလည်း အီရတ်ပြည်သူတွေ၊ အီရတ်အစိုးရနဲ့ အတူ အကြမ်းဖက်သမားတွေကို တိုက်ခိုက်သွားဖို့ ပြောကြားလိုက်ပါတယ်။

အီရတ်နဲ့ ဆီရီးယားမှာ နယ်မြေတွေ သုံးတပုံစီ သိမ်းထားတဲ့ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ဖို့ အစီအစဉ် အမေရိကန် အစိုးရက အရင်တပတ်က ကြေညာခဲ့ပါတယ်။

တချို့မဟာမိတ်တွေက တွန့်ဆုတ်နေပေမယ့် ညီညွတ်တဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ကို စုစည်းနိုင်မယ်လို့ အမေရိကန် အစိုးရက ယုံကြည်နေပါတယ်။

အိုင်အက်စ်အရေး ပါရီဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီလည်း တက်ရောက်နေပါတယ်။

By ဒီဗွီဘီ
 
Blogger Templates