Social Icons

Monday, June 30, 2014

ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို

Written by  မြတ်မင်း
မန္တလေး၊ မဇ္ဈိမ။           ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ကို ဇွန်လ ၃ဝရက် နံနက် ၆နာရီကျော်က စစ်ကား ခြောက်စီး ရောက်လာပြီး စစ်သား ၁ဝဝခန့်က ဝိုင်းထားပြီး နံနက် ၁ဝနာရီခန့်တွင် သေနတ် ၄၈ချက် ဖောက်ခဲ့သည်ဟု မြေမွန်ကျေးရွာမှ လယ်သိမ်းဆည်းခံ တောင်သူ ကိုစောမွန်က မဇ္ဈိမကို ပြောသည်။
 “ စစ်သား ၁ဝဝ ကျော်လောက်က ကျွန်တော်တို့ တောင်သူတွေ ထွန်ယက်နေတာကို ဝိုင်းထားတယ်။ ကျွန်တော်တို့ ထွန်နေတဲ့ ကွင်းထဲက ဆောက်ထားတဲ့ တဲလေးထဲမှာ ဝင်နေရတယ်။ ဘယ်မှမထွက်ရဘူး။ သူတို့ကို ကြောက်လို့ကုတ်နေရတယ်။ အပေါ့ အလေးတောင် မသွားရဲဘူးဟု” ကိုစောမွန်ကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ ဝန်ကြီးထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်ရာ အစည်းအဝေး လုပ်နေသောကြောင့် ညနေ  ၅နာရီခန့်တွင် ပြန်လည်ဆက်သွယ်ရန် တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။ ညနေ ၅ နာရီတွင် ဆက်သွယ်ရာဆက်သွယ်မူ မရခဲ့ပေ။
“ကျွန်တော်တို့ ထွန်တာကို လာကူညီတဲ့ သူတွေရှိတယ်။ အဲ့ဒီကူညီတဲ့သူတွေထဲမှာ သားသည်အမေတွေပါတယ်။ အခုသူတို့တွေ ဒီတဲထဲမှာ ပိတ်မိနေတယ်။ ကလေးတွေက ရွာထဲမှာ ကျန်ခဲ့တယ်။ နံနက် ၆ နာရီ လောက် ကတည်းက ခုချိန်ထိနေနေရတယ်။ ထမင်းကို ဆားဖြူးပြီးတော့ စားနေရတယ်"ဟု ကိုစောမွန်က ပြောသည်။
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာက ဒေသခံတောင်သူ ၁၆ ဦး၏ သိမ်းဆည်ခံလယ်ယာမြေဧက (၃၁၉)ဧက၊ ကွင်းအမှတ် (၈၅၅/က) အမည်ပေါက် ကွင်းကို ၁၉၉၁-၉၂ခုနှစ်က စစ်ကိုင်းတိုင်း အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
 
Blogger Templates