Social Icons

Monday, June 30, 2014

KNU ဥက္ကဋ္ဌဟောင်း တာမလာဘောကို KNLA ဌာနချုပ်တွင် ဂူသွင်းမြှပ်နှံ

ချင်းမိုင်၊ မဇ္ဈိမ။          ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော၏ ဈာပနသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူထု ၂ဝဝဝ ခန့် လိုက်ပါ ပို့ဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ သေဘေထ(Thaybayta)ရှိ သူရဲကောင်းများ မြှပ်နှံသည့် နေရာတွင် ဇွန် ၃ဝရက်က ဂူသွင်းသဂြုင်္ိလ်ခဲ့သည်ဟု KNU စည်းရုံးရေးဌာန တာဝန်ခံလည်းဖြစ်၊ ဈာပန အခမ်းအနားအကျင်းပရေး တွဲဘက်အတွင်းရေးမှူး ပဒိုစောလှထွန်းက မဇ္ဈိမကို ပြောသည်။
“မနက် ၉ နာရီခွဲကနေ ပထမပိုင်းက ဂုဏ်ပြုဟောပြောပွဲ ဗိုလ်ချုပ်ကြီးရဲ့ ဈာပနပေါ်မှာ မဟာမိတ် အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေက ပို့လာတဲ့ ဝမ်းနည်းခြင်း တဝဏ်လွှာတွေ ဖတ်တယ်။ ဂုဏ်ပြု စကားပြောကြားပေးတယ်။ ဒုတိယပိုင်းမှာ ခရစ်ယာန်ဘာသာအရ လုပ်ပြီးတော့ ကျွန်တော်တို့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ သင်္ဂြိုလ်တဲ့အစီအစဉ်လုပ်ခဲ့တယ်။ KNLA ဗဟို စစ်ဦးစီးချုပ်နေရာမှာ ဂူသွင်းမြှပ်နှံတာပါ”ဟု ပဒိုစောလှထွန်းက ပြောသည်။        
ဈာပနာ အခမ်းအနား ပထမပိုင်းတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး တာမလာဘော၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တဝန်လွာများ ဖတ်ကြားခြင်း၊ ဒုတိယပိုင်းတွင် ခရစ်ယာန် ဘာသာရေးအရ ဆုတောင်းဝတ်ပြုမှု ပြုခဲ့ပြီး တတိယအပိုင်းတွင် KNU ၏ စစ်ရေးအရ ဂုဏ်ပြုစစ်ချီတက်သည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု သူက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၊ မဟာမိတ်အဖွဲ့အစည်းများဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကချင်အမျိုးသား အစည်းအရုံး(KNO)၊ မွန်ပြည်တစ်ပါတီ(MNSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်တော် RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ ရခိုင်ပြည်လွတ်မြော်ကရေးပါတီ (ALP) အပါအဝင် ဒီမိုကရေစီအင်အားစုများဖြစ်သော UNA၊ မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့လည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။
ပြည်ထောင်စု မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWPC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ဈာပန အခမ်းအနားသို့ တက်ရောက်ခြင်းမရှိသော်လည်း ဝမ်းနည်းခြင်း တဝဏ်လွှာ ပေးပို့ခဲ့သည်။
ဗိုလ်ချုပ် စောတာမလာဘော၏ ဈာပနတွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဂုဏ်ပြုစကားပြောကြားခဲ့သလို၊ အမိန့်ပြန်တမ်းကိုလည်း ဖတ်ကြားခဲ့သည်ဟု သိရသည်။
ကရင့်တော်လှန်ရေးခေါင်းဆောင်၏ ဗိုလ်ချုပ်ကြီး စောတာမလာဘော မရှိတော့သော်လည်း သူ၏ ကရင်အမျိုးသားများ လွတ်မြောက်ရေး တော်လှန်ရေးအား ကျန်ရှိနေသော ကရင်မျိုးဆက်သစ်များ ဆက်လက် တာဝန်ယူရန် ပဒိုစောလှထွန်းက ပြောသည်။
ဗိုလ်ချုပ်ကြီး တာမလာဘောသည် ဇွန်လ ၂၉ရက်က ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်သည်။ သူသည် ကရင်တော်လှန်ရေးတွင် နှစ်ပေါင်း ၆၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သလို၊ လက်ရှိ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA )၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောဘီလပ်စိန်နှင့် KNLA စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် သူ၏ သားသမီးများ ဖြစ်သည်။
 
Blogger Templates