Social Icons

Tuesday, June 24, 2014

ယာဉ်အန္တရာယ် ဖြစ်ပွားပါက အရေးပေါ်ကုသမှု ပေးနိုင်ရန် မန္တလေးမြို့ မီးပွိုင့်များတွင် ကြက်ခြေနီပုံးများထားရှိ

မန္တလေးမြို့တွင် ယာဉ်အန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ် ရှေးဦး သူနာပြု ကုသမှုပေးနိုင်ရန် အတွက် မြို့တွင်း မီးပွိုင့် (၁၂) ခုတွင် ကြက်ခြေနီဆေးပုံးများထားရှိ ထားကြောင်း မန္တလေးမြို့ အမှတ်(၁၁) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ ခွဲမှူး ဦးသိန်းကိုကို က The Messenger Media သို့ ပြော သည်။

                 ထိခိုက် ဒဏ်ရာရတဲ့လူတွေကို ရှေးဦး သူနာပြုစုခြင်းနဲ့ မလိုအပ်ဘဲ သွေးထွက် မလွန်အောင်၊ အခုဆိုရင် မီးပွိုင့်တော်တော် များများ မှာ ကြက်ခြေနီပုံးလေးတွေ ထားပေးထားပါတယ်။ ယာဉ်မတော်တဆမှု ဆိုတာ ကြိုတင်ချိန်းဆို ထားတဲ့အရာလည်း မဟုတ်ပါဘူး။ မတော်တဆ ဖြစ်စဉ်ပါ။ ယာဉ်မတော်တဆ ဖြစ်ပြီဆိုရင် ဆွေမျိုးသားချင်းဆိုတာ ဘယ်သူမှ သိကြတာ မဟုတ်ပါဘူး။ အဲဒီအချိန်တွေမှာ ယာဉ်ထိန်းရဲတွေ က ၀ိုင်းဝန်းကူညီစောင့် ရှောက်ဖို့ အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ် ဟု ၄င်းက ပြောသည်။ ထို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များကို ရှေးဦးသူနာပြုစု နည်း သင်တန်းများ ပေးထားပြီး အရေးပေါ်အန္တရာယ်များကြုံတွေ့ ရပါက လူနာကို သွေးထွက် မလွန်စေရန်၊ မလိုအပ်ဘဲ အသက် ဆုံးရှုံးမှုများ မဖြစ်စေရန် အတွက် ဆောင်ရွက် နိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။                 မြို့တွင်းမီးပွိုင့်တွေမှာ ကြက်ခြေနီ ဆေးပုံးလေးတွေ ထားတဲ့ အပြင် ယာဉ်မှု စစ်ဆေးတဲ့ကားပေါ် မှာလည်း အမြဲတမ်းထားရှိ ပါတယ်။ အရေးပေါ် အန္တရာယ် ကြုံတွေ့တာ သတင်းရလို့ ချက်ချင်း သွားရောက်ကြတဲ့ အခါမှာလည်း လူနာကို သွေးထွက်မလွန်စေရေး ပြုစုစောင့်ရှောက်ဖို့ အတွက် ဖြစ်ပါတယ် ဟု မန္တလေးမြို့ အမှတ် (၁၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး ဇော်မင်းနိုင် က ပြောသည်။                မန္တလေးမြို့ပေါ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေး အတွက် ယာဉ် စည်းကမ်း ထိန်းသိမ်းမှု အဖြစ် Mobile စနစ်ဖြင့် စစ်ဆေးသည့် အဖွဲ့လေးဖွဲ့ ရှိပြီး၊ ယာဉ်ကြော ရှုပ်ထွေးသည့် မြို့တွင်း စာသင်ကျောင်း (၁၄) ကျောင်းတွင် ယာဉ်ကြော ရှင်းလင်းရေး အတွက် အမျိုးသမီး၊ အမျိုးသား ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်ကြောင့် နေ့စဉ်လူဦးရေ နှစ်ဆယ်ကျော် ဆေးကုသမှုခံယူကြရပြီး၊ အသက် အန္တရာယ်ဆုံးရှုံးမှုများလည်း နေ့စဉ်ရှိ နေကြောင်း မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာဌာနမှ သိရသည်။


 
Blogger Templates