မြန်မာနိုင်ငံမှ တမလန်းသစ်ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ယူသဖြင့်မှောင်ခိုလမ်း ကြောင်းများမှတစ်ဆင့် ကြယ်ခေါင်၊ရွှေလီမြို့များသို့ တရားမဝင်တင် ပို့မှုများပြားလာ၍ ထိရောက်သည့်အရေးယူမှုပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
‘‘အရင်က အိမ်စီးကားတွေနဲ့ ပဲသယ်နေရာကနေ အခုဆိုရင် ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားတွေနဲ့ ပါ ကြယ်ခေါင်ထဲအထိ တိုက်ရိုက် ပို့နေတာ လမ်းတွေမှာရှိနေတဲ့ စစ်ဆေးရေးဂိတ်တွေကိုငွေပေး ပြီးဖြတ်နေတော့ ဖမ်းဆီးမှုအား နည်းနေတယ်’’ဟု နမ့်ဖတ်ကာ ဒေသခံကိုစိုးမြင့်ကပြောသည်။
တစ်ရက်လျှင် အိမ်စီးကား၊ ဆယ့်နှစ်ဘီးကားများဖြင့် တန် ပေါင်းထောင်ချီ၍ မှောင်ခိုလမ်း ကြောင်းမှ တရုတ်ဘက်သို့ တမ လန်းသစ်များဝင်ရောက်နေခြင်း ဖြစ်ရာ အစိုးရအနေဖြင့် ထိရောက်သည့်အရေးယူမှုမျိုးပြုလုပ်ရန် လိုအပ်သည်ဟု ဒေသခံများက သုံးသပ်ပြောကြားသည်။
တမလန်းသစ်တရားမဝင် သယ်ဆောင်သူအများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး ပြည်သူ့ စစ်အဖွဲ့ဝင်များကလည်း အဖွဲ့ ရန်ပုံငွေအတွက်ဟုအကြောင်းပြ ကာ သယ်ဆောင်မှုများရှိနေ ကြောင်းသိရသည်။ တမလန်းသစ်များမှာမြန်မာနိုင်ငံအတွင်း ထွက်ရှိသည့် ဒေသအသီးသီးမှ တရားမဝင် မှောင်ခိုလမ်းကြောင်းများမှ တစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး တရုတ် ဘက်ကလည်း သစ်အရည်အသွေး အလိုက် ဈေးကောင်းပေးဝယ်နေ သည်။
‘‘တမလန်းသစ်အရည် အသွေးအလိုက် တစ်တန်ကို တရုတ်ယွမ်ငွေတစ်သောင်းခွဲက နေ လေးသောင်းအထိပေါက်ဈေး ရှိတယ်။ မြန်မာဘက်က တစ်တန် ဆိုရင် တရုတ်တန်ချိန်နဲ့ပြန်တိုင်း ရင် နှစ်တန်နီးပါးလောက်ရှိတော့ မှောင်ခိုသမားတွေအတွက် ပို ကိုက်လို့လုပ်တဲ့သူများတယ်’’ဟု ကြယ်ခေါင်မြို့အတွင်း သစ် အရောင်းအဝယ်လုပ်နေသူတစ်ဦးကပြောသည်။
မူဆယ်နယ်စပ်ဒေသအတွင်းတရားမဝင်သစ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေမှုအတွက် မူဆယ် ခရိုင်သစ်တောဦးစီးဌာနသို့ သွား ရောက်မေးမြန်းရာ ခရိုင်ဦးစီးမှူး နှင့်အဖွဲ့ဝင်များမှ မိုးမိတ်၊ မဘိမ်းဒေသသို့ စစ်ကြောင်းထွက်နေ ကြောင်း၊ ဒေသအတွင်းတရား မဝင်သစ်များဖမ်းဆီးမှုအတွက်ရွေ့ လျားစစ်ဆေးရေးအဖွဲ့နှင့်သစ် တောအဖွဲ့က ဒေသတွင်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ အဖွဲ့နှစ်ဖွဲ့ခွဲ ဆောင်ရွက်နေကြောင်း၊ အသေးစိတ်အချက်အလက်ကို ဦးစီးမှူး လာမှသာလျှင် ပြောကြားနိုင်မည် ဖြစ်ကြောင်း မူဆယ်သစ်တော ဦးစီးဌာန တောအုပ်ဝင်းနိုင်က ပြောသည်။