ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဒုံစက်မှုဇုန်ဝင်း အတွင်းရှိ တာရှင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား နှစ်ထောင်ခန့်သည် ဇွန်လ ၃ဝရက် နံနက် ၇ခွဲမှ စတင်ဆန္ဒပြခဲ့ပြီး နေ့လည်ပိုင်းတွင် အလုပ်ရှင်နှင့် ညှိနှိုင်းကာ ပြေလည်မှုရရှိခဲ့သည်ဟု ယင်းစက်ရုံ အထည်စစ်ဌာန ဝန်ထမ်း မစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။
လုပ်ခလစာ တိုးမြှင့်ရေးနှင့် အလုပ်ချိန်လျှော့ချရေး၊ လစာနှစ်သောင်း ထပ်မံတိုးရေး၊ လစာတိုးမည်ဆိုပါက တရားဝင် စာထွက်ပေးရေးနှင့် အလုပ်သမားများကို အုပ်ချုပ်နေသူ အသစ်ခန့်ပေးရေး စသည့် အချက် ၄ ချက်ကို တောင်းဆိုကာ ဇွန်လ ၃ဝ ရက် နံနက်က အလုပ်သမား နှစ်ထောင်ခန့်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည့် မစန္ဒာဝင်းက "အခု မင်္ဂလာဒုံ အထွေထွေအုပ်ချုပ်ရေးမှူး ဝင်ရောက်ညှိနှိုင်းပေးတယ်။ အခုအလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုနေပါတယ်။ ကျွန်မတို့တောင်းဆိုထားတဲ့ အချက်တွေထဲက လစာကိုတော့ တစ်သောင်းပဲ တိုးပေးပါတယ်။ ဒါပေမယ့် အရင်ကထက် အဆင်ပြေတော့ ကျေနပ်ပါတယ်" ဟုပြောသည်။
တာရှင်း အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှု မပြုမီအထိ အနိမ့်ဆုံး လစာ ၃ဝ,ဝဝဝကျပ်မှ အမြင့်ဆုံးလစာငွေမှာ ကျပ် ၈၄,ဝဝဝဖြစ်ပြီး အလုပ်ချိန် နံနက် ၇နာရီမှ ည၈နာရီအထိ လုပ်ရသည်ဟု အလုပ်သမားများက ဆိုသည်။ လစာနည်းပြီး အလုပ်ချိန် များနေသည့်အတွက် အလုပ်သမားများက အခြားစက်ရုံများ နည်းတူ လစာ ရရှိရန်နှင့် အလုပ်ချိန် လျော့ပေးရန် ဆန္ဒပြခြင်း ဖြစ်သည်ဟု ဆန္ဒပြ အလုပ်သမား တစ်ဦးဖြစ်သူ မဖြိုးဇာနည်အောင်က ပြောသည်။
"အခြားစက်ရုံတွေက ပျမ်းမျှ လစာ တစ်သိန်းတစ်သောင်းရပါတယ်။ အလုပ်ချိန်ကလည်း ညနေ ၆ နာရီလောက်အထိပါပဲ။ အဲ့ဒါကြောင့် ဆန္ဒပြရတာပါ"ဟု ၎င်းကဆိုသည်။
မင်္ဂလာဒုံ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညွန့်ဟန်က "အခု အလုပ်ရှင်ဘက်က Dailyကြေး ၈ ထောင်နဲ့ ရှားပါးစာရိတ် ၂ ထောင်တိုးပေးတယ်။ အလုပ်သများတွေ ဘက်ကလည်း ကျေနပ်ပါတယ်"ဟု မဇ္ဈိမကို ပြောသည်။