Social Icons

Wednesday, July 30, 2014

ရန်ကုန်တွင် အူရီးဒူး ဆင်းမ်ကတ်များ ကိုယ်စားလှယ်များကို စပေးပြီ၊ ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချ

30jl23ရန်ကုန်၊ မဇ္ဈိမ။             ။ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရ အူရီးဒူး ကုမ္ပဏီက ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန်ရှိ အရောင်းကိုယ် စားလှယ်များကို ဆင်းမ်ကတ်များ စတင် ချထားပေးသည်ဟု ကိုယ်စားလှယ်အချို့က ဆိုပြီး ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက မဇ္ဈိမကို ပြောသည်။


ကိုယ်စားလှယ် ရရှိသော အရောင်းဆိုင်များ အနေဖြင့် လိုအပ်သည့် ပမာဏ လုံလောက်အောင် မရရှိပါက ရောင်းချရန် အဆင်မပြေနိုင်ဟု  အူးရီးဒူး ၏ ငွေရောင် အဆင့် ကိုယ်စားလှယ်ယူထားသည့် တာမွေမြို့နယ်ရှိ KZK မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်က မဇ္ဈိမကို ပြောသည်။
၎င်းက “ ငွေအဆင့်အရောင်းဆိုင်တွေအတွက် ကတ် ၄ဝဝ ချပေးတယ်။ ကတ်အရေအတွက် လုံလုံလောက် လောက်မရရင် ကြိုတင်စာရင်းပေးမှာထားတဲ့ သူတွေကို ဘယ်လိုပေးမလဲ။ ခေါင်းကိုက် နေရတယ်။” ဟု ဆိုသည်။
၎င်းတို့ ဆိုင်တွင် ကြိုတင် စာရင်းပေးပြီး မှာထားသူ အရေအတွက် ထောင်ဂဏန်းကျော် ရှိနေပြီး ကတ် ၄ဝဝ သာ ရရှိသဖြင့် အဆင်မပြေဟု ဆိုသည်။
ယင်းအပြင် ၎င်းတို့ အနီးအနားရှိ တာမွေ မြို့နယ် အတွင်းတွင်ပင် အူရီးဒူး ဆင်းမ်ကတ်များကို ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့သည်ဟုလည်း ဆိုသည်။
၎င်းက “ မျက်နှာချင်းဆိုင် ဆိုင်ကဆို သူတို့ကရောင်းနေပြီ။ သူတို့က မနက်ပိုင်း ကတည်းက ရထားတဲ့သူတွေ။ အစ်ကိုတို့က ညနေ ငါးနာရီမှ ချိန်းထားတော့ ည ရှစ်နာရီမှရမယ် ” ဟု ဆိုသည်။
KZK မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင် မခင်ချောစုလွင်ကလည်း  “ ဖြစ်နိုင်ရင်တော့ တပြိုင်နက်တည်း ဖြစ်စေချင်တယ် ” ဟု ကတ်ရရှိချိန် မတူညီ၍ မရောင်းချနိုင်သည့် အခက်အခဲကို ပြောသည်။
အူရီးဒူး၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ တူဒေးမိုဘိုင်းဆိုင်မှ အမှုဆောင်အရာရှိ ကိုနေလင်းထွန်းက “ ကျွန်တော်တို့ကို ၃၁ ရက်နေ့မှာ ဖိတ်ထားပါတယ်။ အသေးစိတ်ကို အဲ့ဒီနေ့ပြီးမှပဲ သိနိုင်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။
အူးရီးဒူးက မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် ဇူလိုင်လ ၂၉ ရက်တွင် ဆင်းမ်ကတ်များ ချထားပေးခဲ့ပြီး ယင်းမြို့များ တွင် စတင်ရောင်းချခဲ့သည်။ ရန်ကုန်တွင်လည်း  ဇူလိုင်လ ၃ဝ ရက်တွင် အရောင်းကိုယ်စားလှယ်များကို စတင်ချထားပေးခဲ့သည်။ အဆိုပါ ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေးနေသော်လည်း နေပြည်တော်နှင့် မန္တလေးတွင် ဈေးနှုန်းမြင့်နေပြီး တစ်သောင်းခန့် အထိဖြစ်ကာ အပူးနံပါတ်ဆိုပါက ကျပ် ခုနစ်သောင်း အထိ ဖြစ်နေသည်။
 
Blogger Templates