မန္တလေးမြို့ အခြေစိုက်ဇာတ်သဘင်များနှင့် အငြိမ့်များက
မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးမြကြည်က
ပုဒ်မ-၄၃၆ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်မှု မရှိကြောင်း
ပြောဆိုခြင်းသည် သဘင်သည်အားလုံး ကိုယ်စားပြောဆိုခြင်း မဟုတ်ကြောင်း၊ မန္တလေး
လူရွှင်တော်များပရဟိတအသင်း၏ အထွေထွေအုပ်ချုပ်ရေးမှူး ကိုဂွတ်ရှယ်က
ဇူလိုင်၁၇ရက်တွင် မဇ္ဈိမကို ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပါဝင်ခြင်းမရှိဟု
ပြောဆိုလိုက်ခြင်းသည် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ
နေရာတည်မြဲရေးအတွက် ပြောဆိုခြင်းသာဖြစ်ပြီး သဘင်သည်အားလုံးကို
ကိုယ်စားမပြုဟု မန္တလေးအခြေစိုက်သဘင်ပညာရှင်များက ဆိုသည်။“နေရရာဖို့ အစိုးရကို ဖားပြောတာပါ။ ကျွန်တော်တို့ သဘင်ပညာသည်တွေဟာ ပြည်သူက ကြွေးတဲ့ထမင်းကို စားနေတာပါ။ပြည်သူ့အသံဟာ ကျွန်တော်တို့ အသံပါပဲ။ ပြည်သူအားလုံးက လိုလားပြင်ဆင်ချင်နေတဲ့အရာကို ကျွန်တော်တို့ မပါဝင်ဘူးဆိုရင် ပြည်သူကို စော်ကားလိုက်တာနဲ့အတူတူပဲ။ ဒီပုဒ်မ-၄၃၆ ပြင်ဆင်ဖို့အားလုံးမှာ တာဝန်ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပွဲခွင်တွေမှာ ပုဒ်မ-၄၃၆ နဲ့ပတ်သက်တာ တွေထည့်ပြီး ကတယ်။ ပြက်လုံးတွေ ထုတ်တယ်။ ကျွန်တော်တို့သဘင်သည်အားလုံး စိတ်ထဲမှာလည်း ပြည်သူနဲ့ တစ်သားတည်း ပြင်ဆင်ဖို့ လုပ်နေတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံသဘင်အစည်းအရုံးကနေ ခပ်တည်တည်ပြောလိုက်တော့ ပြည်သူနဲ့ ဇာတ်သဘင်လောကကို တိုက်ပေးလိုက်သလိုဖြစ်သွားတယ်”ဟု ကိုဂွတ်ရှယ်က ပြောကြားသည်။
မန္တလေးမြို့တွင် ဇာတ်အဖွဲ့ ၄၃ဖွဲ့ ရှိပြီး အငြိမ့်လေးခုရှိသည်ဟု ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမြန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားဝင်ကန့်ကွက်စာကို ဇာတ်သဘင်များက လက်မှတ်ထိုး၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)သို့ အမြန်ဆုံးပေးပို့သွားမည်ဟု ဆိုသည်။