သမတဦးသိန်းစိန်အစိုးရ (၂၀၁၀ခုနှစ်) တက်လာကာစ ဘယ်သူမှ မယုံကြပါဘူး။ ပြည်သူ့လွှတ်တော်ကြီးကိုလည်း လူစိတ်မ၀င်စားဘူး။ ယခင် စစ်အစိုးရ တဖြစ်လဲမို့ရော၊ မဲခိုးအစိုးရမို့ရော..လူတိုင်းအော့ကြောလန်..။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ကြားဖြတ်အစိုးရရွေးကောက်ပွဲနဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းရွေးတော့ သမတကြီး စိန်နားကပ်ရောင်နဲ့ ပါးပြောင်သွားတယ်။(ဒါတောင်ကျမ်းသစ္စာကျိန်တဲ့ စာသားလေးတောင်အန်အယ်လ်ဒီကို ဈေးဆစ်ခွင့်မပေးဘူး၊ ဝေါဟာရစကားလုံးလေးတွေနဲ့ခေတ်အဆက်ဆက် ကောက်ကျစ်တတ်တဲ့ စိတ်ဓာတ်ကရှိတုန်း)
အမေရိကားနဲ့ အီးယူ ဥရောပနိုင်ငံတွေက ဗီဇာဖွင့်ပေး၊ ကြွေးမြီတွေလျှော်ပေး၊ အလည်အပတ်ခရီးတွေ ဖိတ်ခေါ်တော့ စိတ်ကြီးဝင်သွားတယ်။ ငါတို့ လုပ်လို့ ငါတို့တော်လို့၊ငါတို့ ပါးနပ်လို့၊ ငါတို့ဒီပလိုမေစီကျွမ်းကျင်လို့ လို့ သွေးနထင်ရောက်သွားတယ်။ အမှန်က ဒီမိုကရေစီဆိုတဲ့စကားလုံးကို အအော်ကောင်းသွားလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီက အပြုသဘောထားတွေနဲ့ ဆက်ဆံလိုက်လို့၊ ပြည်သူလူထုက နာကျည်းတာတွေခနမေ့ပြီး စိတ်စေတနာထား လက်ခုတ်တီးပေးလိုက်လို့၊ နိုင်ငံတကာက ဒီမိုကရေစီကျုံးထဲ ၀င်လာပြီလို့ အထင်ရောက်နေလို့ပါ..။
အဲ..၂၀၁၃ ထဲလည်းရောက်လာရော..သမတ ဘ၀င်လေဟတ်ပြီး မှောက်ရက်လဲကျရော..။ဘာလို့လဲဆိုတော့ အရင်ကအာဏာရှင် စစ်အစိုးရလိုပဲ ပြည်သူလူထုနဲ့ ရန်ဖြစ်လာတယ်။ အတိုက်အခံတွေကို မျက်နှာလွှဲခဲပစ်လုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုတွေကို ပျက်ရယ်ပြုပြီး ကျေးဇူးရှင်ကို ကျေးစွတ်တယ်။ ပြည်သူက သဘောပေါက်သွားတယ်။ယုံကြည်မှုပေးခဲ့ရတာကို မသထီတော့ဘူး။ အစော်ကားခံလိုက်ရတာကို မကျေနပ်တော့ဘူး။
သမတသက်တမ်း၃နှစ်ကျော်လာပြီ၊ သူကြွေးကြော်ခဲ့တဲ့ လက်ပ်တော့ပ်နဲ့ သေနတ်လည်း လဲမပေးဘူး၊ ငြိမ်းချမ်းရေး မုန့်ဆီကြော်လည်း ဒီမိုကရေစီနှုတ်ခမ်းနာနဲ့ မတည့်သလိုဖြစ်နေတယ်၊ လယ်သိမ်း မြေသိမ်းလည်း အရှိန်မြှင့်နေတုန်း၊ဆင်းရဲသားတွေမပပျောက်တဲ့အပြင် ၀ဲတောင်စွဲနေသေးတယ်၊လူမျိုး၊ ဘာသာ အဓိကရုဏ်းတွေ၊အကြမ်းဖက်တွေ၊ အမုန်းတရားမျိုးစေ့တွေ များများကြဲခဲ့တယ် ၊ နိုင်ကျဉ်းတွေလည်း အကုန်မလွှတ်ဘူး၊ (ပြန်တောင်ဖမ်းလိုက်သေး)၊ စာနယ်ဇင်းလောကကိုလည်း ခြိမ်းခြောက်တယ်၊ ဘယ်တော့မှ နောက်ကြောင်းမလှည့်ဘူးလို့ ကမ္ဘာလှည့်ကြွားပြီးမှ ရှေ့လည်းမတက် နောက်ပြန်ဆွဲနေတယ်။
အခုဆို သမတ အကျနာတော့မယ်။ အင်္ဂုလိမာလ လို ဆရာပေါင်းမှား ပြီး အမိုက်ဇာတ်ခင်းမိလို့ ကံဆိုးမိုးမှောင်ကျတော့မယ်။ အရင်က ဒီမိုကရေစီ ချိန်း ( အပြောင်းအလဲ) ပဲ့ကိုင်ရှင်ကြီးလို့ ယောင်ရမ်းချီးကျူးမိတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ သံတမန်တွေတောင် မြန်မာပြည်သတင်းကြားရင် ရှက်စိတ်မွှန်ပြီး လိပ်တွေလို ခေါင်းဝှက်နေရတယ်။ ပြည်ပနိုင်ငံခေါင်းဆောင်တွေ၊ သံတမန်တွေလည်းအရင်လို မြန်မာပြည်လာလည်ဖို့ ရှက်နေကြတယ်။ သမတကိုလည်း မဖိတ်ရဲတော့ဘူး။ ပြည်သူတွေကလည်း သမတကို အယုံအကြည်မရှိတဲ့အပြင် ချဉ်ဖတ်ဖြစ်သွားတယ်။ အတိုက်အခံအဖွဲ့တွေကတော့ လှောင်ပြောင်ရယ်မောကုန်ပြီ။
သမတအကြံပေးတွေလည်း တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေးလို..။
သမတအကြံပေးတွေလည်း တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေးလို..။
သမတကြီးခင်ဗျား..လောကဓံတရားရှစ်ပါးကိုတော့ မမေ့ပါနဲ့..။ ဘယ်သူမပြု မိမိမှုဆိုပြီး တရားနဲ့ပဲဖြေလိုက်ပါတော့.။ အမှန်တော့ ပြည်သူဘက်မျက်နှာမူမယ်၊၊ အတိုက်အခံတွေအပေါ် အပြန်အလှန်ယုံကြည်စိတ်ကလေးတုံ့လှယ်ပြီး စေတနာထားမိမယ်ဆိုရင် ဒီလောက်အဖြစ်ဆိုးဖို့မရှိပါ..။ အပြောင်းအလဲကို အရမ်းမျော်လင့်နေတဲ့ ပြည်သူတွေအတွက် သမတကြီး ဂတိက၀တ်အတိုင်း လုပ်မယ်ဆိုရင်တောင် သမတကြီး တာဝန်ကြေမှာပါ..။ အခုတော့..ငယ်ငယ်က ကြည့်ခဲ့တဲ့ လမ်းဘေး မျက်လှည့်ဝိုင်းလို ပခြုတ်ထဲက မြွေနဂါးကြီး ဘယ်လောက်ကြီးပြီး ဘယ်လို ထူးဆန်းအံ့ဘွယ်ကောင်းကြောင်း ကြော်ငြာနေလို့ ဘယ်တော့ ထုတ်ပြမလဲလို့ မျော်နေတဲ့ ပရိဿတ်ကြီးခမျာ (၉၆)ပါးရောဂါအမြစ်ပြတ်တယ်ဆိုပြီး ဆေးမြစ်၊ ဆေးနွယ် ဆေးရိုး တွေပဲ အချိန်ဆွဲ လိမ်လည်အရောင်းခံလိုက်ရသလို ဖြစ်သွားတယ်။
တကယ်တော့ ဒီမိုကရေစီနဲ့ မထိုက်တန်သူကို လက်ညှိုးထိုးပြပါဆို သမတကြီးကို တည့်တည့် လက်ညှိုးထိုးပြရမှာပါ..။
တကယ်တော့ ဒီမိုကရေစီနဲ့ မထိုက်တန်သူကို လက်ညှိုးထိုးပြပါဆို သမတကြီးကို တည့်တည့် လက်ညှိုးထိုးပြရမှာပါ..။
ကိုညို။
၂၈ ဇူလိုင် ၂၀၁၄
၂၈ ဇူလိုင် ၂၀၁၄