Social Icons

Monday, July 28, 2014

ထီရောင်းရငွေကို သြဂုတ် ၁ ရက်မှစ၍ လစဉ်ထုတ်ပြန်ကြေညာမည်ဟုဆို

 အောင်ဘာလေထီလက်မှတ်များ လစဉ်ရောင်းရငွေနှင့် အက္ခရာစဉ် ထီအုပ်ရေတို့ကို သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ကြေ ညာမည့် (၃၀၇) ကြိမ်မြောက်မှ စတင်၍ နိုင်ငံပိုင်သတင်းစာများတွင် လစဉ်ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်ကပြောကြားခဲ့သည်။

ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ လွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် နတ်တလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက အောင်ဘာလေသိန်းထီဆုနှင့် ပတ်သက်၍ လစဉ်ရောင်းရငွေနှင့် အုပ်ရေတို့ကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာပေးနိုင်ခြင်းရှိ၊မရှိမေးမြန်းခဲ့သည့်အပေါ် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ထီဖွင့်တဲ့လမှ တစ်လအတွင်း လာရောက်မထုတ်ယူတဲ့ ဆုမဲတွေကို ၁၁ လအရောက်မှာ ထုတ်ပြန်ကြေညာပြီး တစ်နှစ်အတွင်း လာရောက်မထုတ်ယူမှသာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းတာပါ’’ဟု ဒုတိယ၀န်ကြီးဒေါက်တာလင်းအောင်က ပြောသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဆုမဲပေါင်း ၁၅၅၆၈ ဆု (ကျပ်သန်းပေါင်း ၂၃၀၉ ဒသမ ၅၀ သန်း)၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်  ဆုမဲပေါင်း ၁၆၉၁၃ ဆု (ကျပ်သန်းပေါင်း ၂၁၄၇ ဒသမ ၃၀ သန်း)နှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဆုမဲပေါင်း ၂၁၂၁၉ ဆု(ကျပ်သန်းပေါင်း ၂၇၃၀ ဒသမ ၅၀ သန်း)ကို ထီဆုငွေ လာရောက်မထုတ်ယူသည့် အတွက် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။
 
Blogger Templates