မလေးရှားလေယာဉ် MH 17 အား စစ်သွေးကြွများက ပစ်ချမှုအတွက် သံသယရှိဖွယ်
အချက်များ ထပ်မံပေါ်ထွက်လာခဲ့ပြီး ၎င်းတို့မှာ ရုရှစစ်ထောက်လှမ်းရေး
အရာရှိများနှင့် အကြမ်းဖက်အဖွဲ့ အုပ်စုများကြား ပြောဆိုဆွေးနွေးထားသည့်
မှတ်တမ်းများတွေ့ရှိရမှုက အဓိက သက်သေ ဖြစ်သည်ဟု ဇူလိုင် ၁၈ရက်က ယူကရိန်း
အင်္ဂလိပ် နေ့စဉ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ယူကရိန်း လုံခြုံရေး အေဂျင်စီ (SBU)က ကြားဖြတ်နားထောင်ခဲ့ရသည့် သူပုန်များ ပြောဆိုမှု မှတ်တမ်းတွင် စစ်သွေးကြွများက “လေယာဉ်ခရီးသည် ၁ဝဝ ရာခိုင်နှုန်းသည် အရပ်သားများဖြစ်သည်” ဟု ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
ယူကရိန်းနိုင်ငံ သတင်းဌာန The Kyiv Post မှ ဘာသာပြန်ခဲ့သော ယင်းပြောဆိုမှု မှတ်တမ်းတွင် ရုရှခွဲထွက်ရေး ဒိုနက်စကီး ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင် အိုင်ဂေါ ဘီဇလာနှင့် ရုရှစစ်တပ် ဗိုလ်မှူးကြီး ဗီဆယ်လီ ဂျီရာနီ တို့ ပြောဆိုဆွေးနွေးခဲ့ကြဟု ဖော်ပြထားသည်။
ဘီဇလာ က “ငါတို့ လေယာဉ်ကို ပစ်ချလိုက်ပြီ”ဟု ပြောကြားခဲ့ပြီး ဗိုလ်မှူးကြီး ဗီဆယ်လီ ဂျီရာနီ က “လေယာဉ်မှူးတွေကော ဘယ်မှာလဲ”ဟု ပြန်လည် မေးမြန်းခဲ့သည်ဟု ယူကရိန်း သတင်းစာက ဆိုသည်။
ထို့နောက် တိုက်ခိုက်မှုအတွက် စစ်သွေးကြွနှစ်ဦး ပြောဆိုဆွေးနွေနေသည်ကို ကြားခဲ့ရပြီး ထိုထဲမှ တစ်ဦးက “လေပေါ်မှတင် ပျက်ကျပြီး တစ်စဆီဖြစ်သွားပြီ”ဟု ပြောကြားခဲ့သည်။
