Social Icons

Sunday, August 24, 2014

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်

၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် စတင်ပြောင်းလဲရန် အစိုးရနှင့် ဆွေးနွေးခဲ့စဉ်ကပင် ယင်းအချက်ကို ပြောဆိုထားသည်ဟု မဇ္ဈိမကို ပြောသည်။ သို့သော် မည်သို့ ပြောင်းလဲသတ်မှတ်မှုကို လိုလားသနည်းဆိုသည်ကိုမူ မသိရှိရသေးပေ။
နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ရခြင်းမှာ မိမိတို့ နယ်မြေအတွင်းရှိ ကရင်ပြည်သူ/သားများအား လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အစိုးရနှင့် BGF ကြား သဘောထား အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး စောချစ်သူက “အခုလောလောဆယ်တော့ ဆက်ဆံရေးက သားသမီးလိုပဲ ကျောသားရင်းသား မခွဲခြားဘူး။ ဒီတိုင်းဆိုရင်တော့ နောင်အနာဂတ်လည်း အဆင်ပြေမယ်၊ ဆက်ဆံရေးပြောင်းသွားရင်တော့ ကိုယ်တို့ အသက်အရွယ်က ဆက်ပြီး အများကြီး လုပ်နိုင်ပါသေးတယ်”ဟု ပြောသည်။
အပစ်ရပ်ပြီးနောက် တိုင်းရင်းသားလူမျိုးများ ပြဿနာကို ဖြေရှင်းရန် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဗိုလ်မှူးစောချစ်သူက “BGF နိုင်ငံရေးကိုတော့ ဦးစားမပေးဘူး၊ လုံခြုံရေးပိုင်းပဲ။ နိုင်ငံရေးသမားတစ်ယောက် ပြောအားဆိုအားရှိအောင်က နောက်ခံမှာ အင်အားလိုအပ်ပါတယ်”ဟု ပြောသည်။
နယ်မြေတည်ငြိမ်ရေးနှင့် ပြည်သူလူထုလုံခြုံရေး တာဝန်ယူနိုင်ရန် နံပါတ်တစ်ဦးစားပေးဆောင်ရွက်မည်ဟု ဆိုသည်။
ကရင်တိုင်းရင်းသားလက်နက်ကိုင်များက ကရင်တပ်အချင်းချင်း ပစ်ခတ်မှုများ မဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် ကရင်တပ်များ ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ၎င်းက ပြောသည်။
BGF မှာ အစိုးရနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် DKBA မှ ခွဲထွက်လာခြင်းဖြစ်သည်။
 
Blogger Templates