နည်းပညာတက္ကသိုလ် (မန္တလေး) တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများ နေထိုင်သော ၀န်ထမ်းအိမ်ရာ(၂)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက Human Resource Development သင်တန်း ဖွင့်မည်ဖြစ်သောကြောင့် သြဂုတ်လကုန်တွင် ဖယ်ရှားပေးရမည်ဟု သတင်းများထွက်ပေါ်နေ၍ ပြောင်းရွှေ့ပေးရမည်ကို စိုးရိမ်လျက်ရှိသည်ဟု အဆိုပါ ၀န်ထမ်းအိမ်ရာတွင် နေထိုင်သည့် ဆရာ၊ ဆရာမများက မဇ္ဈိမကို ပြောသည်။
လမ်း ၇၀ နှင့်၂၈ လမ်းထောင့် ချမ်းအေးသာစံမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) ၀န်ထမ်းအိမ်ရာ (၂)ကို ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် A1 ကုမ္ပဏီက အဆောက်အအုံများ ပြုပြင်ရန်ဟုဆိုကာ သြဂုတ်လ ၂၁ ရက်က လာရောက်ကြည့်ရှု တိုင်းတာမှုများလုပ်မှသာ နေထိုင်နေသည့် ဆရာ၊ ဆရာမများက သိရသည်ဟု ဆိုသည်။
“ကျွန်မတို့ အရင်ကြားထားတာက ၂၀၁၅ မှ ဖွင့်မယ်လို့ သိရတယ်။ အခုကျတော့ စက်တင်ဘာလကုန် ဖွင့်မယ်လို့ ပြောသံတွေ ကြားရတယ်” ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ပြောသည်။
အဆိုပါဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း ၅၀ ကျော်ရှိပြီး နေထိုင်သူများကို ပြောင်းရွှေ့ပေးစေလိုလျှင် သီးသန့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးမှသာ ရွှေ့ပြောင်းမှုအဆင်ပြေနိုင်မည်ဟု ဆရာ၊ဆရာမများက ဆိုသည်။
“ကျွန်တော်တို့ကို ဘယ်မှာထားမယ်ဆိုတာ မသိဘူး။ ကျောင်းမှာ ထားမယ်ဆိုလည်း အဆောက်အအုံတွေ ပြီးအောင် ဆောက်စေချင်တယ်။ မပြီးခင် ယာယီအနေနဲ့ စာသင်ဆောင်တွေမှာ နေဆိုရင်တော့ အဆင်မပြေဘူး”ဟု ဆရာတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နည်းပညာတက္ကသိုလ် (မန္တလေး)မှ ဒုတိယ ပါမောက္ခချုပ် ဦးတင်လေးမောင်က “ကျွန်တော်တို့ ဒီကျောင်းမှာ ၀န်ထမ်းအိမ်ရာအစား ဆောက်ပြီးမှ ပြောင်းရွှေ့ရမှာပါ။ ခေါ်ယူတွေ့ဆုံပြီး ပြောထားပါတယ်။ ကျန်တာတော့ ပါချုပ်ကြီးမှ သိလိမ့်မယ်” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါအိမ်ရာတွင် နေထိုင်သူများသည် ၃နှစ်မှ ၁၀ နှစ်ကျော်ရှိနေပြီဖြစ်ပြီး အများစုမှာ လမ်း ၃၀ စက်မှုလက်မှုသိပ္ပံမှ ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ နေထိုင်ကြသူများ ဖြစ်သည်ဟု ဆိုသည်။