Social Icons

Thursday, August 14, 2014

ဧရာဝတီမြစ်ဝှမ်း လူထုဗဟိုပြုဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မည်

Ayerawaddy-and-Yadanaponeဧရာဝတီမြစ်ဝှမ်းဒေသ လူထုဗဟိုပြု ဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုလုပ်ငန်းများကို ဒုတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဟု စိမ်းရောင်စိုလှုပ်ရှားမှုအဖွဲ့ (မန္တလေး)မှ အဖွဲ့ဝင် ကိုသန်းထွဋ်ကိုက မဇ္ဈိမကို ပြောသည်။
“ဧရာဝတီမြစ်ဝှမ်းဒေသဆိုတာ မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒေသခံတွေက ကိုယ့်ဒေသရဲ့ ရင်းမြစ်တွေက ဘာလဲ။ ပြဿနာတွေက ဘာလဲ။ ကိုယ့်ပြဿနာကို ကိုယ်ဖော်ထုတ်မယ်။ ပြဿနာတွေကို ဖော်ထုတ်ပြီးသွားရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိစေချင်တာရယ်၊ နောက်တစ်ခုက သူတို့ ဘာကို စိုးရိမ်နေကြသလဲ။ ဘာတွေလိုအပ်နေကြသလဲဆိုတာကို တိတိကျကျသိချင်လို့ ဒုတိယအကြိမ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဒုတိယအကြိမ်မြောက် လေ့လာဆန်းစစ်မှုကို ဧရာဝတီမြစ်တစ်လျှောက်ရှိ မေခမြစ်၊ မိုးကောင်းချောင်း၊ မိုဒါးကြီးရွာ၊ အင်းရွာ၊ မင်းကွန်းယဉ်ကျေးမှုဇုန်၊ စကျင်တောင်၊ ရှမ်းကလေးကျွန်၊ မြင်းခြံ၊ ရွှေချောင်း၊ ရေနံ ချောင်း၊ မအူပင်၊ ပုဂံ၊ ပုလိပ်အင်း၊ ဗန်းမော် စသည့် ၁၄ နေရာကို ထိုင်းနိုင်ငံမှ MEE Net အဖွဲ့၊ မြစ်ကြီးနာ၊ ဗန်းမော်၊ ကသာ၊ မန္တလေးမြို့တို့ရှိ စိမ်းရောင်စိုအဖွဲ့များ၊ Ream (မြန်မာပြန်ဖြည့်စွမ်းအင်အသင်း)တို့ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။
“ဒီတစ်ခေါက်လုပ်မယ့် ဆန်းစစ်မှုမှာ သစ်တောတွေ ပြုန်းတီးနေတဲ့ နေရာတွေ၊ ရေဝေရေလဲပျက်စီးနေတဲ့ နေရာတွေအပြင် ပုဂံလို၊ မင်းကွန်းတို့လို ယဉ်ကျေးမှုဇုန်တွေပါ ပါဝင်လာပါတယ်။ ပြဿနာပေါင်းစုံကို လေ့လာမယ်”ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမောင်မောင်ဦးက ပြောသည်။
စိမ်းရောင်စိုအဖွဲ့နှင့် အခြားသောအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပထမအကြိမ် လေ့လာဆန်းစစ်မှု ကို ၂၀၁၃ ဇူလိုင်လမှ ဒီဇင်ဘာလအထိပြုလုပ်ခဲ့ပြီး တရားဝင်နှင့် တရားမ၀င် သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်းများကြောင့် မြစ်ညာဒေသ ရေဝေရေလဲတောများ ပျက်စီးခြင်း၊ ရေကြောင်းပြောင်းလဲခြင်း၊ သောင်ထွန်းခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ကမ်းပါးပြိုမှု ပြဿနာများ ကြုံတွေ့လာရခြင်း၊ ပြန်လည် သန့်စင်မှုမရှိဘဲ ဥပဒေမဲ့ ရေဆိုးစွန့်ပစ်ခြင်း၊ ရွှေတူးဖော်မှုများမှ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ဧရာဝတီမြစ်အတွင်း ရေဆိုးများဝင်ရောက်ခြင်း၊ ဧရာဝတီမြစ်ဝှမ်းဒေသ အခြေပြုစီမံကိန်းများကြောင့် တံတားဦးဒေသတွင် မြေသိမ်းယာသိမ်း ပြဿနာများ ကြုံတွေ့နေရခြင်း၊ လျှပ်စစ် ရှော့တိုက် ငါးဖမ်းခြင်းများကြောင့် ရေသတ္တ၀ါမျိုးစိတ်များ ဆုံးရှုံးပျက်စီးခြင်းများကို ပထမအကြိမ် လေ့လာဆန်းစစ်မှုများအရသိခဲ့ရသည်ဟု ဆိုသည်။
“ဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ သက်ဆိုင်ရာက ပုဂ္ဂိုလ်တွေကို ချပြခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခဲ့တယ်။ အရပ်ဘက် လူအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ မဟုတ်ဘူး။ ခုချိန်ထိ ကျွန်တော်တို့ကို သတိထားပြီး ရှောင်နေတုန်းပဲ။ ကျွန်တော်တို့က ဖြစ်နေတဲ့ ကိစ္စတွေကို ချပြတာ။ ဒါကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ လုပ်နေတဲ့ အချက်အလက်တွေက ဟုတ်လား၊ မဟုတ်လား စူးစမ်းသင့်တယ်။ ကျွန်တော်တို့ ရခဲ့တဲ့အချက်အလက်တွေက နိုင်ငံခြားက NGO တွေ ဒေါ်လာတွေ အများကြီး အကုန်ခံပြီးလုပ်လို့ရတဲ့ အချက်အလက်တွေနဲ့ အတူတူပဲ”ဟု ကိုမောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။
 
Blogger Templates