မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲအင်အား ၁၀၀ ကျော်ဖြင့် သြဂုတ် ၁၄ ရက်၊ နံနက် ၉ နာရီတွင် ၀င်ရောက်ပစ်ခတ်မှုကြောင့် ရှစ်ဦးဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်၍ မန္တလေးဆေးရုံကြီးသို့ ပို့ထားရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
“ကျွန်မတို့ ရွာကို သူပုန်ဝင်စီးသလို သေနတ်တွေဝင်ပစ်၊ အိမ်တွေထဲ ဇွတ်ဝင်တယ်။ သေနတ်အချက် ၅၀ ကျော် ပစ်တယ်။ ၈ ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက်မှန်တယ်။ ဒဏ်ရာပြင်းတယ်။ ဘာကြောင့် အခုလိုဝင်ပြီး ပစ်တယ်ဆိုတာ မသိဘူး”ဟု ညောင်ဝန်းကျေးရွာမှ မနွဲ့ရီက ပြောသည်။
ခြေထောက်တွင် ဒဏ်ရာရရှိသူ ဒေါ်ဆန်းကြည်နုမှာ ဒဏ်ရာပြင်းထန်သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ပို့ထားသည်ဟုလည်း ဒေသခံများကဆိုသည်။
အဆိုပါ ရွာမှရွာသား ဦးမြင့်ကြည်ကို ဖမ်းဆီးထားကြောင်း ရဲများ ရွာထဲဝင်ရောက် ပစ်ခတ်သောကြောင့် ဒေသခံများကလည်း ပြန်လည်ခုခံမှုများလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ရွာထဲသို့ ၀င်ရောက်ပစ်ခတ်သော ရဲများသည် ရွာထဲရှိအိမ်များအတွင်းသို့လည်း ၀င်ရောက်ရှာဖွေမှုများ လုပ်သည်ဟုလည်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောသည်။ အိမ်များတွင် သေနတ်မှန်ထားသော အရာများနှင့် အိမ်မှန်များ ရိုက်ခွဲထားသည်များကို မဇ္ဈိမက တွေ့ရှိခဲ့သည်။
အဆိုပါကိစ္စကို မေးမြန်းရန် လုံခြုံရေးယူထားသည့် ရဲမှူးကို တွေ့ခွင့်ပေးရန် ပြောသော်လည်း လုံခြုံရေးယူထားသော ရဲများက တွေ့ခွင့်မပေးသည့်အပြင် ဓာတ်ပုံရိုက်ခွင့်လည်း မရှိကြောင်း ပြောသည်။
အဆိုပါညောင်ဝန်းကျေးရွာသည် အိမ်ခြေ ၉၀၀ ကျော်ရှိပြီး ညောင်ဝန်းကျေးရွာမှာ ဘိုးဘွားပိုင် လယ်ယာမြေဧက ၃,၀၆၂ ဒသမ ၄၃ ကို စစ်တပ်က သိမ်းယူထားသောကြောင့် လယ်ယာမြေများ ပြန်လည်ရရှိစေရန် ဇွန်လ ၆ ရက်မှစတင်၍ ထွန်တုံးတိုက်ပွဲဝင်နေရာ ယနေ့အချိန်အထိဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ထွန်တုံးတိုက်ပွဲဝင်၍ လာရောက်နှိမ်နင်းခြင်းဖြစ်မည်ဟုလည်း ယူဆသူများ ရှိသည်။လက်ရှိအခြေအနေတွင် ရဲအယောက် ၃၀ ကို ရွာသားများက ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားရာမှ အချက်လေးချက် ညှိနှိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟုဆိုသည်။
အဆိုပါ အချက်လေးချက်မှာ ကျောင်းဆောင်၊ အိမ်ပျက်စီးမှုများကို ချက်ချင်းပြင်ဆင်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်းပြီး တရားစွဲဆိုပေးရန်၊ သေနတ်ဒဏ်ရာရရှိထားသော ဒေါ်ဆန်းကြည်နုကို ဘ၀အာမခံချက်ရှိအောင် ဆောင်ရွက်ပေးရန်နှင့် နောင်မည်သည့် အခါမျှ ဤကဲ့သို့ အင်အားသုံးအကြမ်းဖက်မှု မလုပ်ရန်စသည့် သဘောတူချက်ကို မန္တလေးတိုင်း ဒုတိယရဲမှူးကြီး မြင့်ဦးက လက်မှတ်ရေးထိုးပေးခဲ့သည်။