
၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လကြာ မှတ်တမ်းတင်ထားသော အစီရင်ခံစာတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ရွှေ့ပြောင်းခြင်း၊ လူကုန်ကူးမှုနှင့် အတင်းအဓမ္မပြုကျင့်ခံရခြင်း စသည့်ဖြစ်စဉ် ၁ဝ၃ ခုကို မြန်မာအစိုးရနှင့် စစ်တပ်က ကျူးလွန်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။
“ကျွန်မတို့ ပြည်နယ်နဲ့တိုင်း ၈ ခုကို ကောက်တာတော့ ဟုတ်တယ်။ အကုန်လုံး မကောက်နိုင်ခဲ့ဘူး။ ၁ဝ၃ ခုကို ကောက်ခံနိုင်ခဲ့တယ်။ ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု လျော့နည်းသွားတာ မရှိဘူး။ ပိုပြီး ဆိုးဝါးလာတာ တွေ့ရတယ်”ဟု ND-Burma ၏ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ဝင် လိုည်းပိုးညိုဝ်းက မဇ္ဈိမကို ပြောသည်။
ကချင်၊ မွန်၊ ရှမ်း၊ ကရင်၊ ပခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနသာင်္ရီတိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ကောက်ခံခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်တမ်း ကောက်ယူရန် အခက်အခဲများ ရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း ကောက်ခံခဲ့သူများကိုလည်း ချိန်းခြောက်ခံရခြင်းများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ စည်းရုံးလှုံ့ဆော်နေသူများကိုလည်း ဖိနှိပ်ခံနေရဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်က ချင်းပြည်နယ် မတူပီမြို့နယ် ရီဇူးမြို့နယ်ခွဲတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား တပ်မတော်သား တစ်ဦးက အဓမ္မပြုကျင့်စဉ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့သော ချင်းတိုင်းရင်းသူ ၈ ဦးကိုလည်း ပုဒ်မ ၁၈ ဖြင့် အရေးယူခဲ့မှုများကိုလည်း ND-Burma မှ စီမံအဖွဲ့ဝင်တဦးဖြစ်သူ ဆလိုင်းဘွယ်ပီးက ထောက်ပြ ပြောဆိုထားသည်။
မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်ဟု ပြောဆိုနေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းလာခြင်း မရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်စေရန် ရည်ရွယ်၍ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု လိုည်းပိုးညိုဝ်းက ပြောသည်။
“အစိုးရက ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတာ မတွေ့ရဘူး။ လူ့အခွင့်အရေး အခြေအနေ မတိုးတက်ဘဲနဲ့ ပြုပြင်ပြောင်းလဲတယ်လို့ ပြောလို့ မရဘူး၊ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ မရပ်တန့်ဘဲနဲ့ စစ်တပ်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတရားချိုးဖောက်နေတယ်ဆိုတာကို ထောက်ပြချင်တာ ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။
အစီရင်ခံစာအတွင်း ND-Burma အဖွဲ့ဝင်များ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို ဖော်ပြထားရာ ပြီးခဲ့သည့် ဇန်နဝါရီလက မွန်ပြည်နယ် သံဖြူဇရပ် ဝဲကလိအမှတ် (၄) တပ်မတော်တန်းမြင့် သင်တန်းကျောင်းမှ ဒေသခံများ၏ ရာဘာစိုက်ပျိုးခြံများအား သိမ်းယူခြင်း၊ မတရား အခွန်ကောက်ခံခြင်း၊ မွန်အမျိုးသမီးတစ်ဦးအား အစိုးရ၏ ဒု-တပ်ကြပ် ရဲမင်းထွန်းက အတင်းအဓမ္မပြုကျင့်ခံရမှု၊ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုများကို အသေးစိတ် ဖော်ပြထားသည်။
“ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေး၊ ဒီမိုရေစီလမ်းကြောင်းပေါ်ကို တကယ် သွားချင်တယ်ဆိုရင် နစ်နာနေတဲ့လူတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လူတွေရဲ့ အသံတွေကို နားထောင်ပြီးတော့ ဒီလူတွေအတွက် အမှန်တရားရရှိဖို့ စဉ်းစားရမှာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ဆောင်နေချိန်မှာ အစိုးရ စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ပိုပြီး တိုးချဲ့လာတာကို တွေ့ရတယ်။ မြန်မာတပ်တွေကို နောက်ဆုတ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မလုပ်ဖို့ တောင်းဆိုချင်တယ်” လိုည်းပိုးညိုဝ်းက ပြောသည်။
ထိုအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို စောင့်ကြည့်လေ့လာ၍ ခြောက်လတကြိမ် အစီရင်ခံစာများကို ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၁ဝ၆ မှု ရရှိထားသည့် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ND-Burma အဖွဲ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)-AAPP(B)၊ မြန်မာရေးရာ(BI)၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ မွန်လူ့အခွင့်အရေးဖောင်ဒေရှင်း (HURFOM)၊ လားဟူ အမျိုးသမီး အစည်းအရုံး (LWO)၊ ကချင်အမျိုးသမီး အစည်းအရုံး (KWAT)၊ ပလောင်အမျိုးသမီးအစည်းအရုံး (PWO)၊ တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO) တို့ဖြင့် ဖွဲ့စည်းထားသည်။