Social Icons

Sunday, September 14, 2014

တရုတ်နိုင်ငံမှ ဆံပင်ဝယ်လိုအား ရုတ်တရက်မြင့်တက်

မြန်မာနိုင်ငံ အနှံ့အပြား မှ ဆံပင်ကျွတ် နှင့် ဖြတ်ဆံပင်များ စုစည်း၍ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချသော ဈေးကွက်တွင် ရုတ်တရက် တရုတ်ကုန်သည် များက ဆံပင် ဝယ်လိုအား များမှုကြောင့် ဆံပင်ဈေးများ ယခုလ အတွင်း တိုးမြင့် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာပြည်တွင်း ၌ ဆံပင် ဈေးကွက်မှာ ပုံမှန် အလုပ်ဖြစ်သော ဈေးကွက် တစ်ခုဖြစ်နေပြီး အသေးစား ကုန်ပစ္စည်း အရောင်းအဝယ် လုပ်ငန်းအဖြစ် တွင်ကျယ်လျက် ရှိသည်ဟုလည်း သိရသည်။

ဆံပင်ကျွတ်များ၊ ဖြတ်ဆံပင်များ ကို နယ်အနှံ့ လှည့်လည် စုစည်း၍ အရောင်းအဝယ် ပြုလုပ်နေသူများ နည်းတူ၊ ဆံပင်ကျွတ် များကို ပြန်လည် သန့်စင်ခြင်း၊ ဖွခြင်း၊ စက်ဖြင့် ဆွဲ၍ အရှည် သတ်မှတ်ခြင်း လုပ်ငန်း များသည်လည်း အိမ်တွင်းမှု လုပ်ငန်း အဖြစ် မန္တလေး မြို့သစ်များ တွင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှ နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိသဖြင့် ဆံပင်လုပ်ငန်း တွင် အစမှအဆုံး အထိ တွင်ကျယ်လျက် ရှိသည်ဟု ကုန်သည် များက ပြောပြသည်။ ဆံပင်အရှည် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ခြောက်သိန်း အထိရှိပြီး အခြားမှာ ငွေကျပ် သုံးသိန်းခွဲ အထိ ပေါက်ဈေး ရှိကြောင်း သိရသည်။ ဆံပင်ကျွတ်များ ဖွခြင်းတွင် ဆံပင်ကျွတ် ၁ဝ ကျပ်သား ငွေကျပ် ၁ဝဝဝမှ ၁၁ဝဝ ကြားတွင် ရှိပြီး ကျွမ်းကျင်သူ များမှာ တစ်ရက် လျှင် ၂ဝ ကျပ်သားမှ ၂၅ ကျပ်သား အထိ ပြီးစီးကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဆံပင်များကို မည်သည့် နေရာတွင် အသုံးချသည် ဟူသော အချက်ကို တိကျစွာ မသိရှိ သော်လည်း ကျေးလက်နှင့် မြို့ကြီးများရှိ အမျိုးသမီး ပေါင်းများစွာ အတွက် မလိုအပ်သော ဆံပင်ကျွတ် များနှင့် ဆံပင်ရှည်များ မှာ ဝယ်ယူမှု ရှိနေ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။ (၃၃၁)

#Yadanarpondaily
 
Blogger Templates