အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ISIS သို့မဟုတ် IS, ISIL အဖွဲ့သည် အကြမ်းဖက် အဖွဲ့များ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ဝင်ငွေ အများဆုံး ရရှိသည့် အကြမ်းဖက် အဖွဲ့ ဖြစ်ကြောင်း အမေရိကန် သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။
ISIS အဖွဲ့သည် ရေနံမှောင်ခို ရောင်းချခြင်း၊ လူမှောင်ခို ကူးခြင်း၊ ခိုးယူခြင်း နှင့် မတရား ငွေညှစ်ခြင်း တို့မှ တစ်ရက်လျှင် ဒေါ်လာ ၃ သန်းခန့် ဝင်ငွေ ရရှိလျက် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေး နှင့် အခြား ကျွမ်းကျင်သူ များ၏ ပြောကြား ချက်ကို ကိုးကား၍ သတင်း အေဂျင်စီ က ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်သွေးကြွ အဖွဲ့သည် ယခင်က အခြား ပင်လယ်ကွေ့ရှိ ချမ်းသာ ကြွယ်ဝသည့် နိုင်ငံများ၏ ထောက်ပံ့မှုဖြင့် ရပ်တည် နေခဲ့ရ သော်လည်း ယခုအခါ ၄င်းအဖွဲ့သည် ကိုယ်ပိုင် ငွေကြေး များဖြင့် ကောင်းစွာ ရပ်တည် လှုပ်ရှား သွားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ISIS အဖွဲ့သည် ယခုအခါ ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ရေနံမြေ ၁၁ ခုကို ထိန်းချုပ် ထားပြီး ၄င်းတို့သည် ရေနံ တစ်စည်လျှင် ပုံမှန် အားဖြင့် ဒေါ်လာ ၁ဝဝ ကျော် ပေါက်ဈေး ရှိသော်လည်း ၂၅ ဒေါ်လာ နှင့် ၆ဝ ဒေါ်လာ အကြားရှိ ဈေးနှုန်း များဖြင့် ရောင်းချလျက် ရှိသည်။
သို့ရာတွင် ရေနံများကို ယင်းသို့ ရောင်းချရာမှ ရရှိသည့် ၄င်းတို့၏ ဝင်ငွေမှာ တစ်နေ့လျှင် ဒေါ်လာ သုံးသန်းခန့် ရှိသည်ဟု ကျွမ်းကျင်သူ များက ပြောကြား ထားသည်။ အစောပိုင်း ထုတ်ပြန်ချက် များအရ အဆိုပါ စစ်သွေးကြွ အဖွဲ့သည် ယခုအခါ ဗြိတိန်နိုင်ငံ ပမာဏရှိ နယ်မြေများ ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ISIS အဖွဲ့သည် ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်းစစ် အတွင်း အင်အား တောင့်တင်း လာသည့် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည် ၄င်းတို့ ဖမ်းဆီး ထားသည့် ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်သူ အာလန် ဟန်းနင်း ကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယို ပြကွက် တစ်ခုကို အွန်လိုင်း ပေါ်သို့ တင်ခဲ့ကြောင်း သိရသည်။
ဟန်းနင်း ကို သတ်ဖြတ် ခဲ့ခြင်းသည် ၄င်း စစ်သွေးကြွ အဖွဲ့၏ တတိယ အကြိမ်မြောက် ခေါင်းဖြတ် ကွပ်မျက်မှု ဖြစ်ပြီး ယင်း စစ်သွေးကြွ များသည် လွန်ခဲ့သည့် လနှင့် ယခုလ အစောပိုင်း ကလည်း အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း သိရှိရသည်။
#PyiChitThar