သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာရှိ NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အား ပြီးခဲ့သည့် ဂျွန်လက ပစ်သတ်ခဲ့သည်ဟု သံသယရှိသူကို ရဲများ ပစ်ခတ်ဖမ်းဆီး ရမိခဲ့သည်ဟု တောင်ကြီး ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။
ဟိုပုံးမြို့နယ် NLD ဒု-ဥက္ကဋ္ဌ စိုင်းစံထွန်းပစ်သတ်ခံရပြီး သုံးလအကြာ အဆိုပါ သံသယရှိသူ မိုင်းပျဉ်း ကျေးရွာအုပ်စု အတွင်းရေးမှူး ဦးဆွေ(ခ)သဆွေ အား ရဲများက သွားရောက်ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
“ စက်တင်ဘာ ၁၂ ရက်က ရဲတွေ သွားဖမ်းတော့ သူကပြောင်းဖူးခင်းထဲကို ထွက်ပြေးတယ်၊ ရဲတွေကလည်း သေနတ်နဲ့ လိုက်ပစ်တာ။ သုံးချက်ပစ်တာ နှစ်ချက် ထိတယ်။ တောင်ကြီးစဝ်စံထွန်းဆေးရုံကိုခေါ်လာတဲ့ချိန် ဆေးရုံရောက်ခါနီးမှာဘဲ ပဲသွေးထွက်လွန်ပြီးဆုံးသွားတယ်” ဟု ဦးတင်မောင်တိုး က ဆိုသည်။
မိုင်းပျဉ်း ကျေးရွာအုပ်စု အတွင်းရေးမှူး ဦးဆွေ(ခ)သဆွေ သည် ဦးစိုင်းစံထွန်း နှင့် မြေယာပြဿနာရှိခဲ့ဖူးကြောင်း NLD ပါတီမှ စုံစမ်းသိရှိထားသည့်အချက်အလက်များကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့ထံ တင်ပြပေးထားကြောင်း NLD အသိုင်း အဝိုင်းများထံမှ သိရပါသည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဟိုပုံးရဲစခန်း၊ အမှုနှင့်ပတ်သက်သော တာဝန်ရှိသူများအားဆက်သွယ်ခဲ့သော် လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
မိုင်းပျဉ်းကျေးရွာ NLD အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသက် ၄၇ အား ဂျွန်လ ၄ ရက် ညသန်းခေါင်က အမည်မသိ လူနှစ်ဦးမှ လာရောက်ခေါ်ဆောင်သွားပြီး နေအိမ်နှင့် မလှမ်းမကမ်းနေရာတွင် သေနတ်ဖြင့် သုံးချက် ပစ်သတ် ခဲ့သည်။
ဧပြီလ (၂၅) ရက်နေ့ ၂၀၁၄ တွင်လည်း နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်ဖြစ်သော ခွန်ထင်ကျော်ဆိုသူလည်း ဓါးဖြင့်လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရဖူးပြီး ယခုတိုင် အမှုမှန်နှင့် တရားခံပေါ်ပေါက်ခြင်းမရှိသေးကြောင်း တောင်ကြီးမြို့ NLD အသိုင်းအဝိုင်းများထံမှ ဆက်လက်သိရှိရပါသည်။
သျှမ်းသံတော်ဆင့် ၊ ယိင်းတိုင်း