Social Icons

Wednesday, June 25, 2014

ရခိုင်ပြည်နယ် ‘၀န်ကြီးချုပ်’ အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်း ကို သမ္မတက အဆိုပြု၊ စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်စွာချထား

ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သော ရခိုင်ပြည်
နယ် လွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က
 ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊
ယင်းသ၀ဏ်လွှာတွင် ဗိုလ်ချုပ်မောင်မောင်
အုန်းကို ရခိုင်ပြည်နယ် ‘၀န်ကြီးချုပ်’ 
အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတကအဆိုပြုခြင်းကို ကန့်ကွက်လိုပါက ကန့်ကွက်လိုသည့် ပြည်နယ်လွှတ်တော်အမတ်သည်။ ဇွန်လ၂၇ရက် ညနေ ၄နာရီနောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး၊ အစည်းအဝေးကို ဇွန်လ ၃၀ရက်နေ့တွင် ပြည်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းအား သမ္မတက ယခုကဲ့သို့ အဆိုပြုခန့်အပ်စေခြင်း နှင့် ပတ်သက်၍ စစ်တွေမြို့ဒေသခံတစ်ဦးက “ဒီလိုမျိုးခန့်လို့ရတယ် ဆိုတော့ ၀န်ကြီးချုပ်လို့ ခေါ်မနေပါနဲ့။ ဘုရင်ခံ လို့ပဲ ခေါ်လိုက်တာက ပိုပြိးဆီလျော်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ဆိုပြီးတော့လည်း ဟန်ဆောင်ပန်ဆောင် လုပ်မနေပါနဲ့တော့” ဟု Coral Arakan News အားပြောကြားသည်။




ယနေ့နံနက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပနေချိန်တွင် အစည်းအဝေးကျင်းပရာ အစိုးရရုံးရှေ့ မေယုလမ်းအား သံဆူးကြိုးတပ် blockade များချကာ ရဲလုံခြုံရေးများဖြင့် လမ်းပိတ်ထားသည်။ စစ်တွေမြို့ပေါ်နေရာ အနှံ့အပြား၌လည်း ရဲလုံခြုံရေးများထူထပ်စွာချထားသည်။

‘ဘုရင်ခံ’ မောင်မောင်အုန်းအား ဆန့်ကျင်ကန့်ကွက်နှင်ထုတ်မည့် ဆန္ဒပြဖော်ထုတ်မှုများကို ပြုလုပ်မည် ဟု သတင်းအချို့ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ လှုပ်ရှားမှုများကို စစ်တွေမြို့တွင် မတွေ့ရသေးပေ။

( Coral Arakan News အတွက် စိမ်းလဲ့နွယ် ရေးသားသည်။ )
 
Blogger Templates