Social Icons

Wednesday, July 30, 2014

အီးယူနှင့် ကန်တို့က ရုရှအား နောက်ထပ် ပိတ်ဆို့ အရေးယူ မှုများ လုပ်သွားမည်ဟု ကြေညာ

30jl8ဝါရှင်တန်၊ ဇူလိုင် ၃ဝ။ ဥရောပ သမဂ္ဂ (အီးယူ) နှင့် အမေရိကန် တို့က ရုရှသည် ယူကရိန်း အရှေ့ပိုင်းရှိ သူပုန်များကို ထောက်ပံ့ နေခြင်းနှင့် ပတ်သက်၍ အပြင်းထန်ဆုံး နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု အဖြစ် စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ကာကွယ်ရေး ကဏ္ဍများကို ပစ်မှတ်ထား၍ နောက်ထပ် ပိတ်ဆို့ အရေးယူ မှုများ ပြုသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်ဟု ဇူလိုင် ၃ဝရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင်  ဖော်ပြထားသည်။
ဤအရေးယူ ဆောင်ရွက် မှုသည် စစ်အေး ကာလ နောက်ပိုင်းတွင် ရုရှနှင့် အနောက် နိုင်ငံများ ရင်ဆိုင် ခဲ့ကြသည့် အကြီးမားဆုံး ထိပ်တိုက် ရင်ဆိုင်မှုတွင် အဆင့် တစ်ခုသို့ ရောက်လာသည့် သဘောပင် ဖြစ်သည်။ ရုရှနှင့် အနောက် နိုင်ငံများ ဆက်ဆံရေးသည် မလေးရှား လေကြောင်း၏ ခရီးစဉ် MH 17  ဖြင့် ပျံသန်း လာသော လေယာဉ်ကို ဇူလိုင် ၁၇ ရက်က သူပုန်များ ထိန်းချုပ် ထားသော နယ်မြေ အတွင်း ပစ်ချခံ လိုက်ရပြီး နောက်တွင် ပိုမို ဆိုးရွားလာ ခဲ့ခြင်း ဖြစ်သည်။
ထိုလေယာဉ်ကို ရုရှက ပေးထားသော ဒုံးကျည်ဖြင့် ပျစ်ချခဲ့ခြင်း ဖြစ်သည်ဟု အနောက် နိုင်ငံများက ပြောကြား ထားသည်။ “ရုရှက အခုသွား နေတဲ့ လမ်းအတိုင်း ဆက်လိုက် နေမယ် ဆိုရင် ရုရှ ကျခံရမယ့် ကုန်ကျစရိတ် တွေကတော့ တက်လာနေ ဦးမှာပဲ” ဟု သမ္မတ ဘားရက် အိုဘားမားက ဝါရှင်တန် မြို့တွင် ပြောကြား ခဲ့သည်။
“ယူကရိန်းမှာ လုပ်နေတဲ့ ရုရှရဲ့ လုပ်ရပ်တွေနဲ့ ကျွန်တော်တို့ ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့ အရေးယူမှု တွေက ရုရှရဲ့ စီးပွားရေးကို အင်အား  နည်းသထက် နည်းသွား စေမှာ ဖြစ်တယ်” ဟုလည်း အိုဘားမားက  ပြောသည်။ ဘရပ်ဆဲလ်မြို့တွင် အီးယူ ၂၈ နိုင်ငံမှ သံအမတ် ကြီးများသည် ရေနံနှင့် ကာကွယ်ရေး ကဏ္ဍ နှင့် စစ်ဘက် အရပ်ဘက်နှင့် နှစ်မျိုးသုံး နည်းပညာ ပစ္စည်းများ ကုန်သွယ်မှုနှင့် ပတ်သက်၍ ကန့်သတ် ပိတ်ပင်မှုများ ပြုသွားရန် သဘောတူ ခဲ့ကြသည်။ ရုရှ၏ အစိုးရပိုင် ဘဏ်များ ကိုလည်း ဥရောပ ငွေပင်ငွေရင်း ဈေးကွက် များတွင် ရန်ပုံငွေ ရှာခြင်းမှ ပိတ်ပင် သွားမည် ဖြစ်သည်။ ဤဆောင်ရွက်ချက် များကို သုံးလ ကြာမှ ပြန်လည် သုံးသပ် သွားမည် ဖြစ်သည်။
 
Blogger Templates