Social Icons

Wednesday, July 30, 2014

အဝလွန်နေသော ဆရာဝန်များနှင့် သူနာပြုများ ကိုယ်အလေးချိန် လျှော့ချရမည်

30jl14ဗြိတိန်တွင် လူနာများ၏ စံပြကောင်း ဖြစ်လာစေရန် အတွက် အဝလွန် နေသော ဆရာဝန် များနှင့် သူနာပြု များအား ကိုယ်အလေးချိန် လျှော့ချ စေမည့် အစီအစဉ် တစ်ရပ်အား အမျိုးသား ကျန်းမာရေး အဖွဲ့မှ စဉ်းစားလျက် ရှိသည်ဟု ဂါးဒီးယမ်း သတင်းစာ၏ သတင်း တစ်ရပ်၌ ဖော်ပြ ထားသည်။
ဆေးရုံ စားသောက်ဆိုင် များတွင် ရောင်းချသည့် ဟန်ဘာဂါ များနှင့် အာလူးကြော် များကို ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာ များဖြင့် အစားထိုး သွားမည် ဖြစ်ပြီး၊ ဝန်ထမ်းများ သည်လည်း ကိုယ်အလေးချိန် လျော့ချမည့် ပြိုင်ပွဲ များတွင် ပါဝင် ရမည်ဟု ဗြိတိန် နိုင်ငံ အမျိုးသား ကျန်းမာရေး အဖွဲ့ (NHS) ၏ အမှုဆောင် အရာရှိ ဆိုင်မွန် စတီဗင်က ပြောကြား ခဲ့သည်။
အမျိုးသား ကျန်းမာရေး အဖွဲ့ (NHS) ရှိ ဝန်ထမ်းပေါင်း ၁ ဒသမ ၃ သန်း အနက် ဝန်ထမ်း ၇ဝဝ,ဝဝဝ ခန့်သည် အဝလွန်လျက် ရှိသည်။ ယင်းပြဿနာကို ဖြေရှင်းရန် အတွက် ကိုယ်ကာယ လေ့ကျင့်ရေး စင်တာများ ဆောက်လုပ်မည် ဖြစ်ကာ NHS ပတ်ဝန်းကျင် တွင်လည်း စက်ဘီးဖြင့် သွားလာ နိုင်မည့် လမ်းများ ဖောက်လုပ် သွားမည် ဖြစ်သည်။ ထို့အတူ ကိုယ်အလေးချိန် လျော့ကျ သွားသူများ ကိုလည်း အားကစား လေ့ကျင့်ရေး စက်များ ပေးအပ် သွားမည် ဖြစ်သည်။
အဝလွန်သည့် နှုန်းထား မြင့်တက် မှုသည် လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက် စေနိုင်ရုံသာ မက ကျန်းမာရေး အဖွဲ့အစည်း ကိုပါ ထိခိုက် စေနိုင်ပြီး အဝလွန်ခြင်း ပြဿနာကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေ အတွက် ဖိအားများ လျော့ကျ သွားမည် ဖြစ်သည်။ ထို့အတူ ကုထုံးသစ်များ အတွက်လည်း ထောက်ပံ့ငွေများ ပိုမို ရရှိလာ လိမ့်မည်ဟု စတီဗင်က ပြောကြား ခဲ့သည်။
ဗြိတိန်ရှိ အသက် ၄၅ နှစ်မှ ၇၄နှစ်ကြား ရှိသူများ၏ သုံးပုံ တစ်ပုံသည် အဝလွန်လျက် ရှိကြောင်း မကြာသေးခင်က ပြုလုပ် ခဲ့သည့် စစ်တမ်း များတွင် ဖော်ပြ ထားပြီး အသက်ငယ်ရွယ် သူများ သည်သာ သာမန် ခန္ဓာကိုယ် အချိုးအစား ရှိသော အုပ်စုထဲတွင် ပါဝင်သည်ဟု ကျန်းမာရေးနှင့် လူမှု စောင့်ရှောက်ရေး သတင်း ဌာနက ဆိုသည်။
အမျိုးသား ကျန်းမာရေး အဖွဲ့ (NHS) သည် ဆိုးရွားပြီး အဆင့်မြင့်သော ကျန်းမာရေး စောင့်ရှောက်မှု များကို အဓိက ထောက်ပံ့ ပေးနေရ ခြင်းနှင့် ရင်ဆိုင် နေရလျက် ရှိပြီး လက်ရှိ အခြေအနေအား ထိန်းညှိရန် ၂ဝ၂ဝ ပြည့်နှစ်တွင် ဘီလီယံ ပေါင် ၃ဝ ခန့် လိုအပ် လိမ့်မည် ဟုလည်း စတီဗင်က ပြောကြား ခဲ့သည်။
 
Blogger Templates